Trend

နိုင်ငံခြားသား ၅ သောင်းအား ထိုင်းသို့ ဝင်ရောက်ခွင့်ပြု

ထိုင်းအစိုးရအနေနဲ့ နိုင်ငံခြားသား ဧည့်သည် ၅ သောင်းကို လာမယ့် ရက်သတ္တပတ်ကစပြီး ပြည်ဝင်ခွင့်ပြုမယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံကို လာရောက်တဲ့ နိုင်ငံခြားသား ခရီးသွားတွေဟာ ထိုင်းမှာ Quarantine ၁၄ ရက် ဝင်ဖို့ သဘောတူထားသူတွေ ဖြစ်ပါတယ်။

ပထမအသုတ်အဖြစ် ထိုင်းကို ပြည်ဝင်ခွင့်ပြုလိုက်သူတွေကတော့ စီးပွားရေးလုပ်ငန်းရှင်၊ ကျွမ်းကျင်လုပ်သား၊ ကျွမ်းကျင်ပညာရှင်၊ ထိုင်းမိသားစုဝင်များ ၊ ကျောင်းဆရာ၊ ကျောင်းသားနဲ့ ထိုင်းနိုင်ငံမှာ ဆေးကုသမှုခံယူမယ့် လူနာတွေပဲ ဖြစ်ကြပါတယ်။

ပြည်ဝင်ခွင့်ပြုလိုက်တဲ့ နိုင်ငံခြားသားတွေနဲ့ ပတ်သက်ပြီး ထိုင်းအစိုးရ စီစဉ်ထားတဲ့အခြေအနေ အသေးစိတ်ကို ထိုင်းနိုင်ငံ COVID-19 အခြေအနေ စီမံခန့်ခွဲမှု ဗဟိုဌာနရဲ့ပြောခွင့်ရပုဂ္ဂိုလ် Taweesilp Visanuyothin က ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ ရှင်းလင်းပြောကြားခဲ့ပါတယ်။ နိုင်ငံခြားသားတွေကို ပြည်ဝင်ခွင့်ပြုတဲ့ စီမံကိန်းအား အဆိုပါဌာနရဲ့ ဆပ်ကော်မတီက ရေးဆွဲခဲ့ပါတယ်။

ပြည်ဝင်ခွင့်ပြုလိုက်တဲ့ နိုင်ငံခြားသားတွေဟာ Quarantine ၁၄ ရက် ဝင်မယ်ဆိုတဲ့ သဘောတူညီချက်ကို လက်ခံဖို့လိုတယ်လို့ Taweesilp Visanuyothin က ပြောပါတယ်။ စည်းမျဉ်းသစ်နဲ့အညီ နိုင်ငံခြားသား ၅ သောင်းနီးပါး ထိုင်းကို လာရောက်မှာဖြစ်ပြီး လာရောက်မယ့် နိုင်ငံခြားသား ၅ သောင်းအနက် ၃ သောင်းလောက်က ထိုင်းနိုင်ငံမှာ ဆေးကုသမှုခံယူကြမယ့်လူတွေ ဖြစ်ကြပါတယ်။

ကျွမ်းကျင်လုပ်သားနဲ့ ကျွမ်းကျင်ပညာရှင် ၁၅,၄၀၀ လာရောက်ဖို့ ရှိနေသလို ပညာရေးနယ်ပယ်က ကျောင်းဆရာနဲ့ ကျောင်းသား ၂၀၀၀ ၊ ထိုင်းမိသားစုဝင် ၂၀၀၀ နဲ့ စီးပွားရေးလုပ်ငန်းရှင် ၇၀၀ ဦးကလည်း ထိုင်းကို လာရောက်ဖို့ မှတ်ပုံတင်ထားပြီး Quarantine ၁၄ ရက် ဝင်ဖို့ သဘောတူညီထားကြပါတယ်။

ဝင်ရောက်ခွင့်ပြုမယ့် နောက်ထပ် အဖွဲ့တဖွဲ့ကတော့ စီးပွားရေးလုပ်ငန်းရှင်၊ ရင်းနှီးမြှုပ်နှံသူ၊ ထိုင်းအ စိုးရဧည့်သည်တော်တွေနဲ့ အစိုးရအဖွဲ့အစည်းက ပုဂ္ဂိုလ်တွေပါ။ နိုင်ငံခြားသားတွေအနေနဲ့ ထိုင်းနိုင်ငံကို မလာရောက်ခင် ကိုဗစ် စစ်ဆေးရမှာဖြစ်သလို ရောက်လာတဲ့ အချိန်မှာလည်း ထပ်မံစစ်ဆေးရပါမယ်။ ကျန်းမာရေးအာမခံ လိုအပ်သလို ကျန်းမာရေးထောက်ခံစာလည်း လိုအပ်ပါတယ်။

နောက်ထပ်လာရောက်မယ့် အဖွဲ့တဖွဲ့ကတော့ ခရီးသွားလုပ်ငန်းတွေကနေ လာရောက်ကြမယ့် ခရီးသွားအဖွဲ့ ဖြစ်ပါတယ်။ အဲဒီအဖွဲ့နဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ အတည်မပြုရသေးဘူးလို့ Taweesilp က ပြောပါတယ်။

ထိုင်းနိုင်ငံကို ဝင်ရောက်ခွင့်ပြုထားတဲ့လူတွေ အားလုံးကိုတော့ ဇူလိုင် ၁ ရက်နေ့ကစပြီး ပြည်ဝင်ခွင့်ပြုပါမယ်။ ပြည်ဝင်ခွင့်ပြုလိုက်တဲ့ ခရီးသွားတွေကနေ ရင်းနှီးမြှုပ်နှံမှုနဲ့ ခရီးသွားလုပ်ငန်းဝင်ငွေ တိုးလာဖို့မျှော်လင့်ထားကြောင်း Taweesilp က ပြောပါတယ်။

Ref: Bangkokpost

You may also like these stories:

ထိုင်းမှာ မီးရထားပေါ် လိုက်ပါလာသူတဦး COVID-19 ကြောင့် သေဆုံး

ထိုင်းနိုင်ငံက ဂေးအနှိပ်ခန်းမှာ မြန်မာနိုင်ငံသား ၄ ဦးနဲ့ နိုင်ငံခြားသားများ အဖမ်းခံရ

ထိုင်းပြည်သူများ ကိုဗစ် ဒုတိယလှိုင်းဖြစ်မှာ စိုးရိမ်နေ

ထိုင်းခရီးသွားလုပ်ငန်းကို ဇူလိုင်လအတွင်း ပြန်စတင်စေချင်

Loading