ကမ္ဘာတဝှမ်း COVID-19 ရောဂါ ကူးစက်ခံနေရသူပေါင်း ၉၇ သိန်းကျော်သွားခဲ့ပြီး အမေရိကန်နိုင်ငံကတော့ ကူးစက်မှု အများဆုံးနိုင်ငံပါ။ လက်ရှိအချိန်ထိ အမေရိကန်မှာ ရောဂါကူးစက်ခံနေရသူ ၂ သန်းခွဲကျော် ရှိနေပြီး သေဆုံးသူပေါင်း ၁၂၀,၀၀၀ ကျော်ရှိသွားခဲ့ပါပြီ။
အမေရိကန်ကျန်းမာရေးဦးစီးဌာနရဲ့ နောက်ဆုံး တွက်ချက်မှုအရ အမှန်တကယ် ကူးစက်ခံနေရသူ အရေအတွက် သန်း ၂၀ အထိရှိနိုင်တယ်လို့ သိရပါတယ်။ ရောဂါထိန်းချုပ်ရေးစင်တာ (CDC) ရဲ့ ပြောကြားချက်အရလည်း ရောဂါကူးစက်ခံရသူ အရေအတွက်က အစီရင်ခံထားတဲ့ အရေအတွက်ထက် ၁၀ ဆ ပိုများနိုင်တယ်လို့ သိရပါတယ်။
အမေရိကန်ပြည်နယ် တဝက်လောက်မှာလည်း ကူးစက်သူ အရေအတွက်က ဆက်ပြီး တိုးနေပါတယ်။ အစောပိုင်းကာလကတော့ ပြည်နယ် ၂၂ ပြည်နယ်လောက်မှာသာ ရောဂါကူးစက်သူ အရေအတွက် တိုးခဲ့ပေမယ့် လက်ရှိမှာတော့ ပြည်နယ် ၂၇ ပြည်နယ်အထိ တိုးလာပါတယ်။
ရောဂါထိန်းချုပ်ရေးစင်တာ (CDC) ကလည်း လက္ခဏာ မပြဘဲ ကူးစက်ခံနေရသူ များစွာရှိတယ်လို့ ခန့်မှန်းထားပါတယ်။ တက္ကဆက်ပြည်နယ်မှာလည်း ကူးစက်သူ အရေအတွက် များပြားနေပြီး တောင်ပိုင်းနဲ့ အနောက်ပိုင်း ပြည်နယ်တွေမှာလည်း နေ့စဉ် ကူးစက်ခံရသူ များပြားလာနေပါတယ်။
ဝါရှင်တန်တက္ကသိုလ်ရဲ့ခန့်မှန်းချက်အရ အောက်တိုဘာလအထိ သေဆုံးသူ အရေအတွက် ပိုမို များပြားလာနိုင်ပြီး ၁၈၀,၀၀၀ အထိ ရှိလာနိုင်တယ်လို့ သိရပါတယ်။ အမေရိကန်နိုင်ငံသား ၉၅ ရာခိုင်နှုန်း Mask တပ်ဆင်ကြမယ်ဆိုရင်တော့ သေဆုံးသူအရေအတွက် ၁၄၆,၀၀၀ ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
CDC ရဲ့ ညွှန်ကြားရေးမှူး ဒေါက်တာ ရောဘတ်ကလည်း အမေရိကန်နိုင်ငံမှာ ရောဂါ လက္ခဏာပြသူတွေကိုသာ စမ်းသပ်မှုတွေပြုလုပ်ပြီး လက္ခဏာ မပြသူတွေကိုတော့ စမ်းသပ်မှုတွေ မပြုလုပ်ဘူးလို့ ပြောပါတယ်။ အမေရိကန် လူဦးရေရဲ့ ၅ ရာခိုင်နှုန်းကနေ ၈ ရာခိုင်နှုန်းအကြား ကိုဗစ် ကူးစက်ခံနေရတဲ့အတွက် Social distancing ကို လိုက်နာဖို့ ၊ Mask တပ်ဆင်ကြဖို့ နဲ့ လက်ဆေးဖို့ တိုက်တွန်းနေရတယ်လို့ ဒေါက်တာ ရောဘတ်က ပြောပါတယ်။
တက္ကဆက်ပြည်နယ်မှာ Lockdown အဆုံးသတ်ပြီးနောက်ပိုင်း ကူးစက်သူ အရေအတွက် ထောင်နဲ့ချီ ရှိလာပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာတော့ တက္ကဆက်မှာ ကူးစက်ခံရသူလူနာသစ် ၅,၉၉၆ ယောက်အထိ ရှိခဲ့ပြီး ၄၇ ယောက် သေဆုံးခဲ့ပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ်မှာလည်း ကူးစက် လူနာသစ် ၇,၁၄၉ ယောက် ရှိခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့မှာပဲ အမေရိကန်နိုင်ငံမှာ ကူးစက်ခံရသူ ၃၆,၀၀၀ အထိ ရှိပြီး ဧပြီ ၂၄ ရက်က စံချိန်တင် ကူးစက်ခဲ့တဲ့ ၃၆,၄၂၆ ဦးနဲ့ သိပ်မကွာတော့ပါဘူး။
ကူးစက်မှုနှုန်း မြင့်မားလာတဲ့ အကြောင်းကတော့ စိတ်ချရတဲ့ ရောဂါကာကွယ်မှုတွေ မလုပ်ဘဲ အချိန်မတန်သေးခင် နိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းတွေကို ပြန်လည် လုပ်ကိုင်ခွင့်ပြုခဲ့အတွက်ကြောင့်လို့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။
Ref: BBC
You may also like these stories:
နိုင်ငံခြားသား ၅ သောင်းအား ထိုင်းသို့ ဝင်ရောက်ခွင့်ပြု
မော်စကိုမှာ ဝန်ထမ်းအစား စက်ရုပ်တွေနဲ့ အစားထိုးထားတဲ့ KFC ဆိုင်ခွဲ
ကမ္ဘာ့နံပါတ် ၁ တင်းနစ်ကစားသမား ဂျိုကိုဗစ် COVID-19 ကူးစက်ခံရ