ထိုင်းနိုင်ငံမြောက်ပိုင်း၊ Phrae ဒေသမှာရှိတဲ့ ဘုံဘေဘားမား ကုန်သွယ်ရေးစခန်းရုံးအဖြစ် အသုံးပြုခဲ့တဲ့ နှစ်ပေါင်း ၁၂၇ နှစ်သက်တမ်းရှိ ရှေးခေတ်လက်ရာ အဆောက်အအုံကြီးကို ဖြိုဖျက်လိုက်တာကြောင့် ဒေသခံပြည်သူတွေ ဒေါသထွက်ခဲ့ကြပါတယ်။
ရှေးခေတ်လက်ရာ အဆောက်အအုံကို ဖြိုဖျက်ဖို့အတွက် ပြည်နယ်အစိုးရ တာဝန်ရှိသူတွေ ကိုယ်တိုင် ညွှန်ကြားခဲ့တာလို့ ဆိုပါတယ်။ လက်ရှိမှာတော့ ဖြိုချဖျက်စီးခံလိုက်ရတဲ့ နှစ်ပေါင်းရာကျော် သက်တမ်းရှိတဲ့ အဆောက်အအုံကို အနုပညာဦးစီးဌာနက ဦးဆောင်ပြီး ပြန်လည် တည်ဆောက်ရေးလုပ်ငန်းတွေ လုပ်ကိုင်သွားတော့မှာပါ။
အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Arunsak Kingmani ကိုယ်တိုင် မြောက်ပိုင်းဒေသ Phrae ကို ရောက်လာခဲ့ပြီး တည်ဆောက်ရေး လုပ်ငန်းတွေကို ကြည့်ရှုခဲ့ပါတယ်။ ကျွန်းသားတွေနဲ့ တည်ဆောက်ခဲ့တဲ့ အဆိုပါ အဆောက်အအုံကို ရှေးခေတ်လက်ရာအတိုင်းဖြစ်အောင် ပြန်လည် တည်ဆောက်ပေးသွားဖို့ရှိပါတယ်။
ဒါ့အပြင် ရှေးဟောင်းသုတေသီတွေနဲ့ တိုင်ပင်ပြီး ဒေသခံတွေရဲ့ ပြောပြချက်တွေကို စုစည်းလို့ အောက်ခြေကနေ တူးဖော်ပြီး ပြင်ဆင်သွားမှာပါ။ “သမိုင်းဝင် အဆောက်အအုံကို ရှေးခေတ်လက်ရာအတိုင်း ပြန်တည်ဆောက်နိုင် ဖို့ ရှာဖွေတဲ့နေရာမှာ အခက်အခဲတော့ ရှိပါတယ်” လို့ Arunsak က ဆိုပါတယ်။
တချိန်တည်းမှာပဲ သဘာဝအရင်းအမြစ်ဝန်ကြီး Varawut Silpa-archa ကလည်း အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး ဒေသတာဝန်ရှိသူကို စည်းကမ်းအတိုင်း စုံစမ်းစစ်ဆေးတာတွေ လုပ်ဆောင်တော့မယ်လို့ ပြောကြားလိုက်ပါတယ်။
“ကျနော် ဒီကာကွယ်ရေးဧရိယာ ဒေသရုံး ၁၃ မှာရှိတဲ့ အကြီးအကဲကို စုံစမ်းရေးအတွက် လွှဲပြောင်းပေးသွားဖို့ DNP (Department of National Park, Wildlife and Plant Conservation) ဌာနကို အကြောင်းကြားထားပြီးပြီ။ အပြစ်ရှိတယ်လို့ တွေ့ရှိရင် ကာကွယ်ပေးနေမှာ မဟုတ်ဘူး” လို့ Varawut က ဆိုပါတယ်။
DNP ဌာနက ပြန်လည် တည်ဆောက်ရေးလုပ်ငန်းအတွက် ကျသင့်ငွေတွေကို အကုန်ကျခံသွားရမှာပါလို့ ဝန်ကြီး Varawut က ဆိုပါတယ်။ ဒါ့အပြင် အပျက်အစီးတွေကို ဂရုတစိုက် ဖယ်ရှားကြဖို့နဲ့ ဒေသခံပြည်သူတွေကိုလည်း အနီးနားမှာ အဆောက်အအုံအဟောင်းရဲ့ ကျွန်းသား ရောင်းဝယ်နေတာမျိုး တွေ့ခဲ့ရင် အကြောင်းကြားဖို့ တိုက်တွန်းထားပါတယ်။
သက်တမ်း ၁၂၇ နှစ်ရှိပြီဖြစ်တဲ့ အဆိုပါ ဘုံဘေဘားမားပိုင် အဆောက်အအုံကြီးဟာ ရှေးဟောင်း သုတေသနလုပ်ငန်း နယ်ပယ်အဖြစ် ထည့်သွင်းထားပြီး အမွေအနှစ်အဖြစ် စောင့်ရှောက် ထိန်းသိမ်းထားတာဖြစ်လို့ ဖြိုချဖျက်ဆီးလိုက်တာဟာ ပြစ်မှုမြောက်တယ်လို့ ဆီနိတ်အမတ် Khamnoon Sitthisamarn က ဆိုပါတယ်။
အစိုးရဝန်ကြီးဌာနဘက်ကလည်း အဆိုပါအမွေအနှစ် အဆောက်အအုံကြီး ပြန်လည် ပြင်ဆင်ရေးပိုင်းတွေကို အာရုံစိုက်သင့်သလို၊ အရေးယူရမယ့်အပိုင်းကိုလည်း စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားဖို့ တောင်းဆိုလိုက်ပါတယ်။ နောက်ပိုင်းမှာ အလားတူဖြစ်ရပ်မျိုး မဖြစ်အောင် ကာကွယ်ထိန်းသိမ်းရမယ့်အချက်အလက်တွေကို ချမှတ်ပေးသွားဖို့ Khamnoon က အကြံပြုထားပါတယ်။
Ref: Bangkok Post
You may also like these stories:
အမေရိကန်မှာ ကိုဗစ် ကူးစက်ခံရသူ သန်း ၂၀ အထိ ရှိနိုင်
နိုင်ငံခြားသား ၅ သောင်းအား ထိုင်းသို့ ဝင်ရောက်ခွင့်ပြု
မော်စကိုမှာ ဝန်ထမ်းအစား စက်ရုပ်တွေနဲ့ အစားထိုးထားတဲ့ KFC ဆိုင်ခွဲ