အမျိုးသမီးတွေအတွက် ဆံပင်ဆိုတာ အရေးကြီးတဲ့ အရာပါ။ အမျိုးသမီးအများစုအနေနဲ့ ဆံပင်ရှည်ထားရခြင်းကို နှစ်သက်မြတ်နိုးလေ့ ရှိကြပါတယ်။ ကမ္ဘာပေါ်မှာ ဆံပင်အရှည်ဆုံး အမျိုးသမီးတွေနေထိုင်တဲ့ ရွာကတော့ တရုတ်နိုင်ငံမှာရှိတဲ့ Huangluo Yao ဆိုတဲ့ ကျေးရွာပဲ ဖြစ်ပါတယ်။
အဲဒီရွာမှာ နေထိုင်တဲ့ လူမျိုးစုတွေကတော့ ဆံပင်ရှည်ထားခြင်းဟာ ကျန်းမာရေးကို ကောင်းမွန်စေတယ်လို့ ယုံကြည်ထားကြပါတယ်။ ဒါကြောင့်လည်း အဲဒီရွာမှာ နေထိုင်တဲ့ မိသားစု ၆၀ လောက်က ဆံပင်အရှည်ထားလေ့ ရှိကြပါတယ်။
အဲဒီ ကျေးရွာမှာ နေထိုင်တဲ့ အမျိုးသမီးတွေရဲ့ ဆံပင်အရှည်က ၃ ပေကနေ ၆ ပေ အထိ ရှိတယ်လို့သိရပါတယ်။ ဒါကြောင့်လည်း “ကမ္ဘာ့ ဆံပင်အရှည်ဆုံးကျေးရွာ” အဖြစ် ဂင်းနစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ အဲဒီကျေးရွာကို ရောက်ဖို့ တရုတ်နိုင်ငံတောင်ပိုင်းက မြို့တမြို့ဖြစ်တဲ့ Guilin မြို့ကနေ ၂ နာရီလောက် ကားစီးသွားရပါတယ်။
Jinsha မြစ်ကမ်းဘေးမှာရှိတဲ့ Huangluo Yao ကျေးရွာရဲ့ ထူးခြားတဲ့ ဓလေ့ကြောင့် ၂၀၀၂ ခုနှစ်မှာ နိုင်ငံတကာခရီးသွားတွေ လာရောက် လည်ပတ်နိုင်ဖို့ တရုတ်အစိုးရက စီစဉ်ခဲ့ပါတယ်။ အဲဒီကျေးရွာမှာနေထိုင်တဲ့ လူမျိုးစုတွေဟာ Qin မင်းဆက် လက်ထက်ကတည်းက နေထိုင်လာခဲ့ကြတဲ့ ဒေသခံဌာနေ တိုင်းရင်းသားတွေလို့ သိရပါတယ်။
လူဦးရေ ၆၀၀ နီးပါးရှိပြီး မိသားစုဝင် ၈၀ နီးပါး ရှိပါတယ်။ အဲဒီကျေးရွာက အမျိုးသမီးတွေဟာ သန် စွမ်းနက်မှောင်ပြီး ရှည်လျားတဲ့ ဆံပင်တွေကို ပိုင်ဆိုင်ထားကြပြီး အမျိုးသမီးတယောက်ရဲ့ ဆံပင် အလေးချိန်က ၂ ပေါင်ကျော် ရှိပါတယ်။ Yao အမျိုးသမီးတွေဟာ ဆံပင်အရှည်ထားရတာကို ဂုဏ်ယူလေ့ ရှိပြီး ဒီဓလေ့ ပျောက်ကွယ် မသွားအောင် မျိုးဆက်တခုကနေ နောက်မျိုးဆက်တခုကို လက်ဆင့် ကမ်း သယ်ဆောင်ခဲ့ကြပါတယ်။
မြစ်ကမ်းဘေးမှာ တည်ရှိတဲ့အတွက်ကြောင့်လည်း မြစ်ရေနဲ့ နေ့စဉ် ခေါင်းလျှော်လေ့ ရှိကြပြီး ရက်သတ္တပတ် ၁ ပတ်ရဲ့ ၃ ရက်မြောက်နေ့၊ ဒါမှမဟုတ် ၄ ရက်မြောက်နေ့ မှာတော့ ဆံပင်ရှည်ဖို့ အထူးဖော်စပ်ထားတဲ့ ဆေးတမျိုးနဲ့ ခေါင်းလျှော်လေ့ ရှိကြတယ်လို့ သိရပါတယ်။
နောက်ထပ် ထူးခြားချက်တခုကတော့ အိမ်ထောင်မကျသေးတဲ့ မိန်းမပျိုတွေအနေနဲ့ သူမရဲ့ဆံပင်ကို အခြားသူတွေ မမြင်ရအောင် ထိန်းသိမ်းရတာပါပဲ။ မိန်းမပျိုတယောက်ရဲ့ ဆံပင်ကို ပထမဆုံး မြင်ရတဲ့ အမျိုးသားဟာ သူမရဲ့ခင်ပွန်းလောင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အဲဒီကျေးရွာက မိန်းမပျိုတွေဟာ သူမရဲ့ဆံပင်ကို အခြားသူတွေ မမြင်ရအောင် အပြာရောင်ပုဝါနဲ့ ဖုံးထားလေ့ ရှိကြပါတယ်။
Yao အမျိုးသမီးတွေအတွက်တော့ ဆံပင်အရှည်က အရေးကြီးတဲ့ အမှတ်အသားတခုပါပဲ။ Yao အမျိုးသမီးတွေဟာ မွေးပြီးလို့ ရက် ၁၀၀ ပြည့်တဲ့အချိန်နဲ့ အသက် ၁၈ နှစ်ပြည့်တဲ့အချိန် ၂ ကြိမ်ပဲ ဆံပင်ညှပ်လေ့ ရှိကြပါတယ်။
ဓလေ့တခု တည်မြဲအောင် ရေရှည် ထိန်းသိမ်းထားနိုင်တဲ့အတွက်လည်း Huangluo Yao ကျေးရွာဟာ “ကမ္ဘာ့ဆံပင်အရှည်ဆုံး ကျေးရွာ” အဖြစ် ကမ္ဘာမှာ လူသိများတဲ့ ကျေးရွာတရွာ ဖြစ်လို့နေပါတယ်။
Ref: topchinatravel,outlookindia
You may also like these stories:
အိန္ဒိယမှာ မိုးကြိုးပစ်ခံရပြီး လူ ၁၀၀ ကျော် သေဆုံး
ဘုံဘေဘားမားပိုင် အဆောက်အအုံကို ပြန်တည်ဆောက်မည်
နိုင်ငံခြားသား ၅ သောင်းအား ထိုင်းသို့ ဝင်ရောက်ခွင့်ပြု