အီတလီနိုင်ငံမှာ ဝက်ဝံတကောင်က တောင်တက်သမားတွေကို တိုက်ခိုက်ခဲ့တာကြောင့် အဆိုပါ ဝက်ဝံအား သေဒဏ်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ လှုပ်ရှားတက်ကြွသူတွေကတော့ အဆိုပါ ပြစ်ဒဏ်ကို ဆိုင်းငံ့ပေးဖို့ တောင်းဆိုနေကြပါတယ်။
အရင်တပတ်က အီတလီနိုင်ငံမြောက်ပိုင်း၊ Trentino ဒေသမှာ တောင်တက်သမား သားအဖ နှစ်ယောက်ကို တိုက်ခိုက်ခဲ့တဲ့ ဝက်ဝံညိုတကောင်အား တာဝန်ရှိသူတွေက သေဒဏ်အပြစ်ပေးမှုအပေါ် ရပ်ဆိုင်းထားဖို့ အီတလီနိုင်ငံ တိရစ္ဆာန် အခွင့်အရေး လှုပ်ရှားတက်ကြွသူတွေက တောင်းဆိုလိုက်ပါတယ်။
အသက် ၅၉ နှစ်အရွယ် အမျိုးသား Fabio Misseroni နဲ့ အသက် ၂၈ နှစ်အရွယ် သားဖြစ်သူ Christian Misseroni တို့ဟာ Peller တောင်အသွားလမ်းမှာ အဆိုပါ ဝက်ဝံနဲ့ ရင်ဆိုင်ခဲ့ရတာလို့ ဆိုပါတယ်။ ဖခင်ဖြစ်သူက သားဖြစ်သူအား တိုက်ခိုက်နေတဲ့ ဝက်ဝံကြီးနောက်ကို ခုန်အုပ်လိုက်တာကြောင့် လွှတ်သွားပေမယ့် ဖခင် Fabio ရဲ့ ခြေထောက်မှာ ၃ နေရာ အကိုက်ခံလိုက်ရပါတယ်။
အဲဒီ့နောက်မှာတော့ သားဖြစ်သူ Christian က ပြန်ဆွဲပုတ်လိုက်တာကြောင့် အဆိုပါ ဝက်ဝံဟာ တောထဲကို ပြေးသွားတယ်လို့ ဆိုပါတယ်။ အီတလီနိုင်ငံ အမျိုးသားသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ကာကွယ်ရေး စည်းမျဉ်းအရ လူကို တိုက်ခိုက်တဲ့ ဝက်ဝံတွေကို မနာကျင်စေဘဲ သက်သောင့်သက်သာ သေစေမယ့် နည်းလမ်းတွေနဲ့ အပြစ်ပေးလေ့ ရှိပါတယ်။
တိုက်ခိုက်ခံရကြောင်း ကြားသိရပြီးနောက်မှာ Trentino ပြည်နယ်ဝန်ကြီး Maurizio Fugatti က အဆိုပါဝက်ဝံကို ဖမ်းဆီးသတ်ဖို့ အမိန့်ထုတ်ခဲ့ပါတယ်။ တာဝန်ရှိသူတွေက တိုက်ခိုက်ခံရသူတွေ ကိုယ်မှာ ကျန်ခဲ့တဲ့ ကုတ်ခြစ်ရာတွေနဲ့ တံတွေးကတဆင့် DNA တိုက်စစ်ပြီး လိုက်လံ ဖမ်းဆီးနေပါတယ်။
အဆိုပါ ဒေသတဝိုက်မှာ ဝက်ဝံ တိုက်ခိုက်ခံရမှုတွေ အဖြစ်များတာကြောင့် တာဝန်ရှိသူတွေက ဝက်ဝံတွေရဲ့ မစင်၊ အမွှေး၊ တံတွေး DNA တွေကို မှတ်တမ်းသိမ်းဆည်းထားပြီး စောင့်ကြည့်ရေး ကင်မရာတွေပါ အသုံးပြုပြီး တိုက်ဆိုင် စစ်ဆေးလေ့ ရှိပါတယ်။
အီတလီနိုင်ငံ တိရစ္ဆာန်အခွင့်ရေးအဖွဲ့ကြီး Animalisti Italiani နဲ့ World Wide Fund for Nature တို့ကတော့ တိုက်ခိုက်ခံရတဲ့ သားအဖ နှစ်ယောက်က ဝက်ဝံကို အပြင်းအထန် နာကျင်အောင် ပြန်မလုပ်ခဲ့ဘူးလို့ ငြင်းဆိုထားတာကအစ စစ်ဆေးပြီးမှသာ ပြစ်ဒဏ်ချမှတ်ဖို့ တောင်းဆိုထားပါတယ်။
ဇွန် ၂၇ ရက်က လူပေါင်း ၁၅,၀၀၀ ကျော်က World Wide Fund for Nature ရဲ့အသနားခံလွှာမှာ လက်မှတ်ရေးထိုးခဲ့ကြပြီး သေဒဏ်ကို ဆိုင်းငံ့ထားဖို့ တောင်းဆိုခဲ့ကြပါတယ်။
Ref: edition.cnn