COVID-19 ကပ်ရောဂါဆိုးကြီးက လူတွေရဲ့ နေ့စဉ် နေထိုင်မှု ဘဝပုံစံတွေကို ပြောင်းလဲပစ်ခဲ့ပါတယ်။ ကိုဗစ်ကာလအတွင်း တယောက်နဲ့ တယောက် မတွေ့ဆုံရဘဲ ကွဲကွာခဲ့ရတဲ့ မိသားစုတွေ အများကြီး ရှိပါတယ်။ မိသားစုဝင်တဦးဦး သေဆုံးသွားခဲ့ရင်တော့ အသုဘ လိုက်ပို့ခွင့် မရသူတွေလည်း အများကြီးပါ။
အခုဖော်ပြပေးမယ့် အကြောင်းအရာကတော့ ကိုဗစ်ကြောင့် ဇနီးဖြစ်သူနဲ့ ရက်ပေါင်း ၁၀၁ ရက် တိုင်တိုင်ကွဲကွာနေခဲ့ရတဲ့ အသက် ၁၀၀ အရွယ် အီတလီ အဘိုးအိုတဦးရဲ့ အကြောင်းပါပဲ။
အဘိုးအိုရဲ့နာမည်က ဂီဒိုစတန်ဂါလီနီဖြစ်ပြီး အသက် ၁၀၀ ရှိပါပြီ။ ဇနီးဖြစ်သူကတော့ အသက် ၉၃ နှစ်ရှိပြီဖြစ်ပြီး မာရီပါဂနီလို့ ခေါ်ပါတယ်။ သူတို့ ဇနီးမောင်နှံဟာ မီလန်မြို့ပြင်မှာရှိတဲ့ Castano Primo ဒေသမှာ နေထိုင်ကြပါတယ်။ ကိုဗစ်ကာလအတွင်း ကွဲကွာခဲ့ကြရတဲ့ သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းကို မြို့တော်ဝန်ဖြစ်သူက အီတလီသတင်းစာမှာ ရေးသားခဲ့ပြီးနောက် သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းက ကမ္ဘာကျော်ဇာတ်လမ်းတပုဒ် ဖြစ်ခဲ့ပါတယ်။
အသက်အရွယ် ကြီးရင့်လာပြီဖြစ်တဲ့ အဘိုးအိုတို့ ဇနီးမောင်နှံဟာ မြို့တွင်းမှာရှိတဲ့ ဘိုးဘွားရိပ်သာတခုမှာ နေထိုင်ကြဖို့ ၂၀၂၀၊ ဖေဖော်ဝါရီလမှာ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒါကြောင့်လည်း အဘိုးအိုက မြို့တွင်း ဘိုးဘွားရိပ်သာကို အရင်သွားရောက်ပြီး ရက်နည်းနည်းလောက်ကြာမှ ဇနီးဖြစ်သူ လိုက်လာမယ်ဆိုပြီး တိုင်ပင်ခဲ့ကြပါတယ်။
အီတလီနိုင်ငံမှာ ကိုဗစ် ကပ်ရောဂါဆိုး ကျရောက်လာပြီးနောက် ခရီးသွားလာခွင့်တွေကို အီတလီအစိုးရက တားမြစ်ခဲ့ပါတယ်။ ဘိုးဘွားရိပ်သာကိုလည်း လာရောက် လည်ပတ်ခွင့် မပြုတော့ပါဘူး။
ဘိုးဘွားရိပ်သာ ညွှန်ကြားရေးမှူးဖြစ်သူ ဒီယေဂိုက အခုလို ဆိုပါတယ်။
“ဂီဒိုနဲ့ မာရီယာတို့ဟာ အလုပ်တခုကို အတူတူ တွဲလုပ်တတ်ကြတဲ့ ဇနီးမောင်နှံတွေထဲက အတွဲတတွဲပါ။ အိမ်ထောင်ရေးသက် နှစ်ပေါင်း ၇၀ အတွင်း တခါမှ ခွဲမနေဖူးတဲ့အတွက် အခုလို ရုတ်တရက် ခွဲခွာလိုက်ရတဲ့ အတွေ့အကြုံက သူတို့ နှစ်ယောက်စလုံးအတွက် ခက်ခဲတဲ့ အတွေ့အကြုံပါ။ ဘိုးဘွားရိပ်သာမှာ နေထိုင်လာခဲ့တဲ့ ရက်ပေါင်း ၁၀၁ ရက်စလုံး အဘိုးအို ဂီဒိုဟာ ဇနီးဖြစ်သူနဲ့ ပြန်ဆုံဖို့ နေ့စဉ် ဆုတောင်းရင်း သူ့အချိန်တွေကို ကုန်လွန်ခဲ့ပါတယ်” လို့ ပြောပါတယ်။
လပေါင်း အတော်ကြာပြီးနောက်မှာတော့ အဘိုးအိုဂီဒိုရဲ့ဆုတောင်းက ပြည့်ခဲ့ပါတယ်။ ဘာကြောင့် လဲဆိုတော့ ရက်ပေါင်း ၁၀၁ ရက် ပြည့်ပြီးနောက်နေ့မှာပဲ ဇနီးဖြစ်သူ ဘိုးဘွားရိပ်သာကို ရောက်လာခဲ့တဲ့အတွက်ကြောင့်လို့ မြို့တော်ဝန်က ပြောပါတယ်။
ဇနီးဖြစ်သူ လာမယ့်နေ့မှာတော့ အဘိုးအိုဟာ ဝှီးချဲလေးနဲ့ ထိုင်နေပြီး ဘုရားကျောင်းရှေ့ ဧည့်ခန်းကနေ ဇနီးကို စောင့်မျှော်နေခဲ့ပါတယ်။ အဘိုးအိုကို မြင်လိုက်ပြီးတဲ့နောက်မှာတော့ ဇနီးဖြစ်သူက အဘိုးအိုဆီ အပြေး လာရောက်ခဲ့ပါတယ်။ တယောက်နဲ့တယောက် မျက်ရည်တွေနဲ့ နှုတ်ဆက်ကြပြီး နောက်တခါဘယ်တော့မှ ထပ်မခွဲခွာကြဖို့ ထပ်ခါထပ်ခါ ကတိပြုနေတာ တွေ့ရတယ်လို့ မြို့တော်ဝန်က ပြောပါတယ်။
Ref: this-is-italy
You may also like these stories:
တစ္ဆေမြို့တော်လို ခြောက်ကပ်သွားတဲ့ ဘန်ကောက်မြို့
ဘေဂျင်းမြို့အနီးမှာ လူပေါင်း ၄ သိန်းကို Lockdown ချထား
ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၀ သန်းကျော်ရှိလာ