Trend

ဂျပန်မှာ Tokyo Disneyland ပြန်ဖွင့်ပြီ

COVID-19 ကပ်ရောဂါကြောင့် အချိန်အတော်ကြာ ပိတ်ထားခဲ့တဲ့ ဂျပန်နိုင်ငံ၊ တိုကျိုမြို့က Tokyo Disneyland နဲ့ Tokyo DisneySea တို့ကို ဇူလိုင်လ ၁ ရက်နေ့က ပြန်ဖွင့်ပေးလိုက်ပါပြီ။ တယောက်နဲ့တယောက် ခပ်ခွာခွာနေရမယ့် Social distancing အရ ရောဂါကူးစက်မှု မဖြစ်အောင် ၄ လကြာ ပိတ်ထားခဲ့တာပါ။

လာရောက်မယ့် ဧည့်သည်တွေကို အရင်လို အကုန် လက်မခံတော့ဘဲ အွန်လိုင်းကတဆင့် လက်မှတ်ကြိုတင် ဝယ်ယူရမှာဖြစ်ပြီး အရေအတွက် အကန့်အသတ်နဲ့ လက်ခံသွားမှာ ဖြစ်တယ်လို့ ပန်းခြံကို တာဝန်ယူ လည်ပတ်ပေးနေတဲ့ Oriental Lan ကုမ္ပဏီက ဆိုပါတယ်။

ဖေဖော်ဝါရီ ၂၉ ရက်ကတည်းက ပိတ်ထားခဲ့တဲ့ Urayasu က Tokyo Disneyland ပန်းခြံ ပြန်ဖွင့်ချိန်ကို မနက် ၈ နာရီကနေ ည ၈ နာရီအထိ ပုံမှန်ချိန်ထက် လျှော့ချထားပါတယ်။ ပန်းခြံတွင်းက စားသောက်ဆိုင်တွေကတော့ Social distancing အရ လူအနည်းငယ်ပဲ လက်ခံနိုင်ဦးမှာ ဖြစ်ပါတယ်။

ပန်းခြံထဲမှာ ပရိသတ်ကို ဆွဲဆောင်နိုင်တဲ့ ဖျော်ဖြေ တင်ဆက်မှုတွေထဲက ညအချိန် Tokyo Disneyland နဲ့ Electrical Parade Dreamlights မီးရောင်စုံတွေနဲ့ ဖျော်ဖြေပွဲ အပါအဝင် ပွဲတော်တော်များများကို ရပ်နားထားပါတယ်။

လာရောက်မယ့် ဧည့်သည်တွေဟာ ဝင်ပေါက်မှာ ကိုယ်အပူချိန်တိုင်း စစ်ဆေးခံရမှာ ဖြစ်သလို နှာခေါင်းစည်း Mask မဖြစ်မနေ တပ်ဆင်ရမှာ ဖြစ်ပါတယ်။ အတွင်းထဲမှာလည်း တယောက်နဲ့ တယောက် သတ်မှတ်ထားတဲ့ အကွာအဝေးတိုင်း နေရမယ်လို့ ကြေညာထားပါတယ်။

“ပရိသတ် ပိုဝင်အောင် နည်းလမ်းသစ်တွေနဲ့ စိတ်ဝင်စားကြတဲ့ ဖျော်ဖြေပွဲတော် ပြန်လုပ်ဖို့တော့ စဉ်းစားထားပါတယ်” လို့ ဝန်ထမ်းတဦးက ဆိုပါတယ်။

ပထမဆုံး ပြန်ဖွင့်တဲ့ရက်မှာပဲ ရာသီဥတု လေပြင်းတိုက်နေတဲ့ကြားက ဧည့်သည်တွေဟာ Disney အမှတ်တရ ပစ္စည်းတွေ ဝတ်ဆင်ပြီး သတ်မှတ်ထားတဲ့ အကွာအဝေးအတိုင်း ဝင်ရောက်ခဲ့ကြသလို ဝန်ထမ်းတွေကလည်း အကာအကွယ် Face shield တပ်ဆင်ထားပါတယ်။

“Tokyo Disneyland ပြန်ဖွင့်မယ့်ရက်ကိုပဲ မျှော်နေခဲ့တာပါ။ အခုတော့ ဒီနေရာမှာ လေဝဝ ရှုရှိုက်လိုက်ရတော့ အရမ်းကို ပျော်ရွှင်မိပါတယ်” လို့ အသက် ၃၅ နှစ်အရွယ် ကုမ္ပဏီဝန်ထမ်း အိုကာဝါက ဆိုပါတယ်။ တချိန်တည်းမှာပဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် ခရီးသွားဧည့်သည် ပိတ်ပင်ထားတဲ့ တိုကျိုက ဟာနေဒါ လေဆိပ်ကိုလည်း ပြည်တွင်း ခရီးသွားတွေအတွက် ပြန်ဖွင့်ပေးလိုက်ပြီ ဖြစ်ပါတယ်။

Nippon Airway နဲ့ Japan Airlines တွေက ဇူလိုင်လအတွင်းမှာ ခရီးသွားဧည့်သည် ၅၀ ရာခိုင်နှုန်းလောက် ရှိဖို့ မျှော်မှန်းထားပါတယ်။ ဆောင်းဦးပေါက်လောက်မှာ လေကြောင်းလိုင်းအကုန်လုံး ပြန်လည်ပတ်နိုင်လိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။

Ref: Japan Times

You may also like these stories:

ဝူဟန်မြို့အခြေအနေ ပုံမှန်အတိုင်း ပြန်ဖြစ်လာ

စင်ကာပူ – မလေးရှား နယ်စပ်ဂိတ်များ ပြန်ဖွင့်ပြီ

နိုင်ငံခြားသား ၅ သောင်းအား ထိုင်းသို့ ဝင်ရောက်ခွင့်ပြု

Loading