ထိုင်းနိုင်ငံမှာ မျောက်တွေကို လူသားမဆန်စွာ ညှဉ်းပန်းနှိပ်စက်ပြီး အုန်းသီးခူးခိုင်းမှုတွေကြောင့် ဥရောပနိုင်ငံ တော်တော်များများက ဝယ်လက်ဆိုင်ကြီးတွေမှာ ထိုင်းက အုန်းသီးထုတ်ကုန်တွေ မတင်ဖို့ သပိတ်မှောက်နေ ကြပါတယ်။
People for the Ethical Treatment of Animals (Peta) ရဲ့ ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံမှာ လေ့ကျင့်ထားတဲ့ မျောက်တကောင်ဟာ တနေ့ကို အုန်းသီးအလုံးရေ တထောင်နီးပါးလောက် ခူးဆွတ်နိုင်တယ်လို့ ဆိုပါတယ်။ ဒါဟာ လူနဲ့ခူးမယ်ဆိုရင် တနေ့ကို အလုံး ၈၀ လောက်ပဲ ရနိုင်တာပါ။
တိရစ္ဆာန်အခွင့်ရေးအဖွဲ့ကြီးကတော့ ထိုင်းနိုင်ငံမှာ မျောက်တွေကို အုန်းသီးခူးစက်လို သဘောထားခိုင်း စေနေတယ်လို့ ဆိုပါတယ်။ အဆိုပါမျောက်တွေကို ထိုင်းနိုင်ငံရဲ့လူသိများတဲ့ အမှတ်တံဆိပ်တွေဖြစ်တဲ့ Aroy-D နဲ့ Chaokoh ထုတ်ကုန် တွေအတွက် အဓိကခိုင်းစေကြပြီး အုန်းနို့တွေကို ဥရောပနဲ့ အမေရိကန်နိုင်ငံတွေကို တင်ပို့ရောင်းချနေပါတယ်။
“အာရှ Peta အဖွဲ့ကြီးရဲ့ စုံစမ်းချက်အရ အဆိုပါတံဆိပ်တွေကနေ ထုတ်လုပ်တဲ့ ပစ္စည်းတွေကို စတိုးဆိုင်ပေါင်း ၁၅,၀၀၀ ကျော်မှာ မတင်တော့သလို မျောက်တွေကို ခိုင်းစေပြီးထုတ်လုပ်တဲ့ အုန်းသီးထုတ်ကုန်မှန်သမျှ မဝယ် ကြတော့ဘူး” လို့ Peta ရဲ့ website မှာ ဖော်ပြထားပါတယ်။
ယူကေမှာရှိတဲ့ Waitrose, Ocado, Co-op နဲ့ Boots တွေမှာလည်း ထိုင်းနိုင်ငံက အုန်းသီးထုတ်ကုန်တွေ ရောင်းချနေတာ ကို ရပ်ဆိုင်းလိုက်တယ်လို့ BBC သတင်းမှာ ဖော်ပြထားပါတယ်။
Tesco အရောင်းဆိုင်ကြီးရဲ့ ပြောရေးဆိုခွင့်ရှိသူက “ကျနော်တို့ ကိုယ်ပိုင် အုန်းရေနဲ့ အုန်းနို့အမှတ်တံဆိပ်တွေ အတွက် မျောက်တွေကို ခိုင်းစေတာမျိုး မလုပ်ပါဘူး။ Peta ကနေ ထုတ်ပြန်ထားတဲ့ အမှတ်တံဆိပ်တွေကိုလည်း ကျနော်တို့ဆိုင်တွေပေါ်မှာ မရောင်းဘူး” လို့ BBC ကို ပြောပြခဲ့ပါတယ်။
ယူကေရဲ့ စတုတ္ထမြောက်အကြီးဆုံး Morrisons စူပါမားကတ်တွေမှာလည်း အဆိုပါအမှတ်တံဆိပ်တွေကို မရောင်းချတော့ဘဲ ဖယ်ထုတ်လိုက်ပြီလို့ ဆိုပါတယ်။ Peta ရဲ့ စုံစမ်းဖော်ထုတ်ချက်အရ ထိုင်းနိုင်ငံက ယာတော ၈တောလောက်မှာ နိုင်ငံခြားကို တင်ပို့ဖို့အတွက် မျောက်တွေကို အုန်းသီးခူးဖို့ အတင်းအကြပ်ခိုင်းစေခိုင်းနေတာ မျိုးတွေ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
တခြား အုန်းသီးတင်ပို့နေတဲ့ ဘရာဇီး၊ ကိုလံဘီယာနဲ့ ဟာဝိုင်အီဒေသတွေမှာတော့ လူနဲ့ပဲ အုန်းသီးခူးတာမျိုး တွေ လုပ်ဆောင်နေကြဆဲပါ။ ဒါ့ပြင် Peta ရဲ့ ပြောပြချက်အရ ထိုင်းနိုင်ငံမှာ မျောက်တွေကို အသီးခူးတာ လေ့ကျင့်ပေးမယ့် ကျောင်းတွေပါရှိတယ်လို့ ဆိုပါတယ်။
Peta ကလည်း မျောက်တွေကို ခိုင်းစေပြီးမှ ထုတ်လုပ်ထားတဲ့ အုန်းသီးထုတ်ကုန်တွေကို အားမပေးကြဖို့ နှိုး ဆော်ထား ပါတယ်။
Ref: Bangkok Post
You may also like these stories:
ဂျပန် အလယ်တန်းကျောင်းသားတွေ ကျောင်းကို ဖုန်းယူဆောင်ခွင့်ရရှိ
အောင်လအန်ဆန်း COVID-19 ရောဂါ ကူးစက်ခံရ