တောင်တရုတ်ပင်လယ်အတွင်း တရုတ်စစ်တပ် စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်နေတဲ့ နေရာအနီးဝန်းကျင်ကို လွတ်လပ်စွာ ရေကြောင်းသွားလာရေးဆိုင်ရာ စစ်ဆင်ရေးတခုအနေနဲ့ အမေရိကန် နိုင်ငံက လေယာဉ်တင် သင်္ဘော၂ စင်းကို ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက်နေ့မှာ စေလွှတ်လိုက်ကြောင်း ရေတပ်တာဝန်ရှိသူတွေက ပြောဆိုလိုက်ပါတယ်။
“Ronald Reagan” နဲ့ “Nimitz” လေယာဉ်တင် သင်္ဘော ၂ စင်းဟာ လွတ်လပ်ပြီး ပွင့်လင်းတဲ့ အင်ဒို – ပစိဖိတ် ဒေသကို ထောက်ပံ့ကူညီဖို့ တပ်ဖြန့် ရောက်ရှိလာပြီ” လို့ ရေတပ်ရဲ့ 7th Fleet ကနေ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
စစ်ရေယာဉ်နဲ့ စစ်လေယာဉ်တွေ ပါဝင်တဲ့အဲ့ဒီ သင်္ဘောတွေဟာ စစ်ရေးလေ့ကျင့်မှုတွေ လျင်လျင်မြန်မြန် များပြားလာတဲ့ ဒေသမှာ လေကြောင်းကာကွယ်ရေးနဲ့ တာဝေးပစ် ဒုံးကျည်တိုးမြှင့်စေဖို့ လေ့ကျင့်ရေးတွေကို လုပ်ဆောင်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံကတော့ ဒေသတွင်း အင်အားစုတွေနဲ့ နိုင်ငံတကာ ခုံရုံးတွေကို ဆန့်ကျင်ပြီး ကမ္ဘာလုံးဆိုင်ရာ သင်္ဘောသွားလာမှု သုံးပုံတပုံ ရှိတဲ့ တောင်တရုတ်ပင်လယ်အတွင်းက နေရာတော်တော်များများကို သူတို့ ပိုင်ဆိုင်တယ်လို့ ပြောဆိုထားပါတယ်။
အမေရိကန် လေယာဉ်တင် သင်္ဘောတစင်းနဲ့ သူ့ရဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့ကို တပ်ဖြန့်ချထားလိုက်တာဟာ ရန်သူတွေကို တားဆီးဖို့ အချက်ပြချက်တခုအနေနဲ့ မှတ်ယူလေ့ရှိပါတယ်။ တကယ်လို့ တကြိမ်တည်းမှာ လေယာဉ်တင် သင်္ဘော၂ စင်းကို ချထားလိုက်မယ်ဆိုရင်တော့ အင်အားပြတယ်ဆိုတဲ့ အဓိပ္ပာယ်လို့ သတ်မှတ်နိုင်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်တုန်းမှာ အဲ့ဒီအချိန်တုန်းက အမေရိကန်ကာကွယ်ရေးဝန်ကြီး Ashton B. Carter က တောင်တရုတ်ပင်လယ်အတွင်းဖြတ်သန်းမယ့် လေယာဉ်တင်သင်္ဘော၂ စင်းကို စေလွှတ်ခဲ့ပြီး အဲ့ဒီဒေသတွင်းက သူတို့ရဲ့ မဟာမိတ်တွေအတွက် ကတိကဝတ်တခုကို ဖြည့်ဆည်းပေးခဲ့ပါတယ်။
အခုလုပ်ဆောင်တဲ့ မစ်ရှင်ကတော့ ပုံမှန်လုပ်ဆောင်နေကျ စစ်ဆင်ရေးဖြစ်ပြီး ပင်လယ်တွင်းမှာ စစ်ရေး လေ့ကျင့်မှုတွေ လုပ်ဆောင်နေတဲ့ တရုတ်စစ်တပ်ကို အင်အားပြဖို့ လုပ်ဆောင်တာသာဖြစ်တယ်လို့ ရေတပ် တာဝန်ရှိသူတဦးက ပြောကြားခဲ့ပါတယ်။
အဲ့ဒီ လေယာဉ်တင်သင်္ဘောရဲ့ မစ်ရှင်ကတော့ နိုင်ငံတကာ ရေပြင်ပိုင်နက်မှာ သင်္ဘောလမ်းကြောင်းနဲ့ နေရာပြမှု ဆက်လက်ဖွင့်ထားဆဲ ဖြစ်တယ်ဆိုတာကို သေချာစေဖို့ စီစဉ်ခဲ့တာဖြစ်တယ်လို့ အဲ့ဒီ အမည် မဖော်လိုသူ တာဝန်ရှိသူက ဆိုပါတယ်။
အမေရိကန် ပစိဖိတ်ရေတပ်မှ ပြောခွင့်ရသူ ဒုတိယဗိုလ်ချုပ်ကြီး James Adams က အဲ့ဒီစစ်ဆင်ရေးဟာ ဘယ်နိုင်ငံရေး ဒါမှမဟုတ် ကမ္ဘာ့ရေးရာကိစ္စကိုမှ တုံ့ပြန်ဖို့မဟုတ်ကြောင်း ပြောဆိုထားပါတယ်။
အခုသီတင်းပတ် အစောပိုင်းမှာ အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်က Paracel ကျွန်းအနီးနားမှာရှိတဲ့ နယ်မြေနဲ့ အငြင်းပွား ရေပိုင်နက်ထဲမှာ တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုကို စောင့်ကြည်နေတယ်လို့ ပြောကြားထားပါတယ်။
Ref: nytimes
You may also like these stories:
စစ်မဲ့ဇုန်အတွင်း မြောက်ကိုရီးယားတပ်များ ချထားမည်
ကိုဗစ်ကူးစက်မှု အသစ်ကြောင့် ဘေဂျင်းမှာ ပင်လယ်စာဈေးကို Lockdown ချ
ထရမ့်ရဲ့ စစ်တပ် ချထားမယ့် အစီအစဉ် ဝေဖန်ခံရ