အိန္ဒိယနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်သူ အရေအတွက် ပိုမိုများပြားလာနေပါတယ်။ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း အိန္ဒိယနိုင်ငံမှာ လူပေါင်း ၂၄,၀၀၀ ကျော် ရောဂါကူးစက်ခံခဲ့ရပါတယ်။
လက်ရှိအချိန်မှာတော့ အိန္ဒိယနိုင်ငံမှာ ကိုဗစ် ကူးစက်ခံနေရသူ ၇ သိန်းကျော် ရှိနေပြီး ၂ သောင်းကျော် သေဆုံးခဲ့ပါတယ်။ ဒါကြောင့်လည်း အမေရိကန်နဲ့ ဘရာဇီးပြီးရင် အိန္ဒိယနိုင်ငံက ကူးစက်မှုနှုန်း တတိယနေရာက ရှိနေပါတယ်။ အိန္ဒိယတောင်ပိုင်းပြည်နယ်တွေမှာ ကူးစက်မှုနှုန်း များပြားနေပြီး အဓိက ကူးစက်ခံနေရတဲ့ ပြည်နယ်တွေကတော့ Telangana ၊ Tamail Nadu နဲ့ Karnataka ပြည်နယ်တွေပါ။
လွန်ခဲ့တဲ့လကစပြီး အိန္ဒိယနိုင်ငံမှာ ဈေးဝယ်စင်တာတွေ အပါအဝင် ဘာသာရေးဆိုင်ရာ အခမ်းအနားတွေကို ပြန်လည် ကျင်းပခွင့် ပြုခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၃ ရက်တာ ကာလအတွင်း အိန္ဒိယနိုင်ငံမှာ နေ့စဉ် COVID-19 ကူးစက်ခံနေရသူ ၂ သောင်းကျော် ရှိခဲ့ပါတယ်။
Johns Hopkins တက္ကသိုလ်ရဲ့ သုတေသနပြုချက်အရ အိန္ဒိယနိုင်ငံဟာ COVID-19 ရောဂါ ကူးစက်ခံရသူ တတိယ အများဆုံးနိုင်ငံဖြစ်ပြီး သေဆုံးသူ အရေအတွက် နံပါတ် ၈ နေရာမှာ ရှိနေပါတယ်။
ပြီးခဲ့တဲ့ မတ်လအတွင်းမှာတော့ အိန္ဒိယအစိုးရအနေနဲ့ ကိုဗစ် ကူးစက်ရောဂါကို ထိန်းချုပ်နိုင်ဖို့ နိုင်ငံကို Lockdown ချခဲ့ပါသေးတယ်။ ဇွန်လကစပြီး စီးပွားရေး အခက်အခဲကြောင့် ကန့်သတ်မှုတွေကို ပြန်လည် ဖြေလျှော့ပေးခဲ့ပြီး နောက်ပိုင်း ကူးစက်သူ အရေအတွက် ပိုမိုများပြားလာခဲ့ပါတယ်။
ကျွမ်းကျင်သူတွေရဲ့အဆိုအရ အိန္ဒိယနိုင်ငံမှာ ကိုဗစ်ကြောင့် လူသေဆုံးမှု များနေရတဲ့ အကြောင်းက ပိုက်ဆံကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ ဒေသခံ သတင်းဌာနတွေရဲ့အဆိုအရ အိန္ဒိယနိုင်ငံမှာ နေ့စဉ်လူပေါင်း ၂ သိန်းခွဲကို ရောဂါစမ်းသပ် စစ်ဆေးပေးနေပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အစီရင်ခံစာအရ လွန်ခဲ့တဲ့ ရက်သတ္တပတ်ကစပြီး ကမ္ဘာတဝှမ်း နေ့စဉ် ကိုဗစ် ကူးစက်ခံရသူ အရေအတွက် မြင့်မားနေပြီး အီရန်နဲ့ အင်ဒိုနီးရှားနိုင်ငံမှာ နေ့စဉ် သေဆုံးသူအရေအတွက် ပိုမိုများပြားလာနေတယ်လို့ သိရပါတယ်။ မက္ကဆီကိုနိုင်ငံမှာလည်း ကိုဗစ်ကြောင့်လူသေဆုံးမှု များပြားနေပြီး ကမ္ဘာ့ ပဉ္စမနေရာက ရှိနေပါတယ်။
သြစတြေးလျနိုင်ငံမှာလည်း ကူးစက်မှုနှုန်း မြင့်မားနေတဲ့အတွက် ပြည်နယ် ၂ ပြည်နယ်ရဲ့ နယ်စပ်ဂိတ်တွေကို ပိတ်ထားတယ်လို့ သိရပါတယ်။
Ref: BBC, bloombergquint
You may also like these stories:
သြစတြေးလျမှာ COVID-19 ပြည်တွင်းကူးစက်မှု ပြန်တွေ့လာ
တောင်တရုတ်ပင်လယ်သို့ အမေရိကန် လေယာဉ်တင်သင်္ဘော ၂ စင်း စေလွှတ်
မျောက်တွေ ခူးပြီးရောင်းတဲ့ ထိုင်းအုန်းသီးထုတ်ကုန်များ သပိတ်မှောက်ခံရ