Trend

ဘရာဇီးသမ္မတ COVID-19 ကူးစက်ခံရ

ဘရာဇီးသမ္မတ Jair Bolsonaro ဟာ COVID-19 ရောဂါ ကူးစက်ခံနေရတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့မှာတော့ ၄ ကြိမ်မြောက် စမ်းသပ်စစ်ဆေးပြီးတဲ့နောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရတယ်လို့ အတည်ပြုခဲ့ပါတယ်။

ဘရာဇီးနိုင်ငံဟာ ကမ္ဘာမှာ COVID-19 ရောဂါ ကူးစက်မှုနှုန်း ဒုတိယအများဆုံး နိုင်ငံဖြစ်နေပေမယ့် သမ္မတအနေနဲ့ နိုင်ငံကို Lockdown ချဖို့ ငြင်းဆိုခဲ့ပါတယ်။ သမ္မတဟာ ရောဂါလက္ခဏာ ပြနေပေမယ့်လည်း သာမန် တုပ်ကွေးအဖြစ်သာ ယူဆထားခဲ့ပါတယ်။

ပြီးခဲ့တဲ့အင်္ဂါနေ့က ရုပ်မြင်သံကြား အင်တာဗျူး အစီအစဉ်တခုမှာ သူ့အနေနဲ့ တနင်္ဂနွေနေ့ကစပြီး ကိုယ် အပူချိန်မြင့်တာနဲ့ ချောင်းဆိုး ဝေဒနာကို စတင်ခံစားခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။

ဘရာဇီး သမ္မတဟာ COVID-19 နဲ့ ပတ်သက်ပြီး လျှော့ပေါ့ပြောလေ့ရှိသူ တယောက်ပါ။ သမ္မတဟာ လူမြင်ကွင်းကို အမြဲလိုလို ထွက်လေ့ရှိပြီး နှာခေါင်းစည်းတပ်လေ့ မရှိသလို လူတွေနဲ့ လက်ဆွဲ နှုတ်ဆက်လေ့ရှိသူ တယောက်လည်း ဖြစ်ပါတယ်။

အခုလို ဘရာဇီးသမ္မတ COVID-19 ကူးစက်ခံနေရတဲ့အတွက် သူနဲ့ တွေ့ဆုံခဲ့သူတွေကို ခြေရာခံပြီး စမ်း သပ်စစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ သမ္မတဟာ စမ်းသပ် စစ်ဆေးမှု ၄ ကြိမ်အထိပြုလုပ်ခဲ့ပေမယ့် ပထမ ၃ ကြိမ်မှာ Negative ပြခဲ့ပြီး နောက်ဆုံးအကြိမ် စမ်းသပ် စစ်ဆေးတော့မှသာ Positive ပြခဲ့ပါတယ်။

ကမ္ဘာ့ကျန်းမာရေအဖွဲ့ (WHO) ရဲ့အမှုဆောင်ညွှန်ကြားမှူးဖြစ်သူ ဒေါက်တာ Mike Ryan ကလည်း ဘရာဇီးသမ္မတကို အမြန်ဆုံး ကျန်းမာလာစေဖို့ ဆုတောင်းပေးခဲ့ပါတယ်။

သမ္မဖြစ်သူဟာ နိုင်ငံလူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းကို COVID-19 ကူးစက်မှုကို ကာကွယ်ပေးဖို့ နည်းလမ်းမရှိတဲ့အကြောင်း အကြိမ်ကြိမ်ပြောကြားခဲ့သလို ဗိုင်းရပ်စ်ထက် စီးပွားရေးထိခိုက်မှုက ဒုက္ခပိုရောက်နိုင်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ဘရာဇီးနိုင်ငံဟာ လူဦးရေသန်း ၂၁၀ ကျော် ရှိနေပြီး ကမ္ဘာပေါ်မှာ ဆဋ္ဌမမြောက် လူဦးရေအများဆုံး နိုင်ငံလည်း ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ဘရာဇီး နိုင်ငံမှာ COVID-19 ကူးစက်ခံထားရသူအရေအတွက် ၁ သန်းခွဲကျော် ရှိနေပြီး လူပေါင်း ၆၆,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။

ဘရာဇီးသမ္မတဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်လောက်ကပဲ အမေရိကန်သံအမတ်နဲ့အတူ အမေရိကန်လွတ်လပ်ရေးနေ့ အခမ်းအနားကို ဆင်နွှဲခဲ့ပြီး အမေရိကန်သံအမတ်နဲ့ ဓာတ်ပုံ တွဲရိုက်ထားတဲ့ပုံတွေကို ဆိုရှယ်မီဒီယာတွေပေါ်မှာ တင်ခဲ့ပါသေးတယ်။

ဆိုရှယ်မီဒီယာပေါ် တင်ခဲ့တဲ့ ပုံတွေအရ ဘယ်သူမှ Mask တပ်ဆင်ထားခြင်း မရှိသလို Social distancing လည်း မရှိပါဘူး။ ဘရာဇီးသမ္မတဟာ ပြီးခဲ့တဲ့ မတ်လတုန်းကလည်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံခဲ့ပါသေးတယ်။

Ref: BBC

You may also like these stories:

အိန္ဒိယမှာ ကိုဗစ် ကူးစက်သူ အရေအတွက် ပိုများလာ

သြစတြေးလျမှာ COVID-19 ပြည်တွင်းကူးစက်မှု ပြန်တွေ့လာ

ဝူဟန်မြို့အခြေအနေ ပုံမှန်အတိုင်း ပြန်ဖြစ်လာ

Loading