သြစတြေးလျနိုင်ငံမှာ ကိုဗစ်ကူးစက်မှုနှုန်း ပြန်လည် မြင့်တက်လာနေပါတယ်။ မဲလ်ဘုန်းမြို့မှာလည်း ကူးစက်မှု ပြန်လည် ဖြစ်ပွားနေတဲ့အတွက် ကူးစက်သူ အရေအတွက်ကို လျှော့ချနိုင်ဖို့ ပြည်တော်ပြန်အရေအတွက်ကို လျှော့ချသွားမယ်လို့ သြစတြေးလျအစိုးရက ဇူလိုင် ၁၀ ရက်နေ့မှာ ကြေညာခဲ့ပါ တယ်။
လာမယ့် တနင်္လာနေ့ကစပြီး ပြည်တော်ပြန် အရေအတွက် ၄၀၀၀ ကိုသာ လက်ခံသွားမယ်လို့ သြစတြေးလျ ဝန်ကြီးချုပ်ဖြစ်သူ Scott Marrison က ပြောကြားခဲ့ပါတယ်။
အရင်ကတော့ ပြည်တော်ပြန် အရေအတွက် ၈၀၀၀ နီးပါးကို လက်ခံခဲ့ပါတယ်။ COVID-19 ရောဂါ ကူးစက်မှုတွေ ပြန်လည် မြင့်တက်လာနေတဲ့အတွက် သြစတြေးလျနိုင်ငံသား အပါအဝင် နေထိုင်ခွင့်ရှိသူ အရေအတွက်ကို တဝက် လောက်အထိ လျှော့ချပစ်လိုက်ပါတယ်။ ဒါကြောင့်လည်း ပြည်တော်ပြန် ၄၀၀၀ ကိုသာ နေ့စဉ်လက်ခံသွားမယ်လို့ သိရပါတယ်။
မဲလ်ဘုန်းမြို့မှာ ကိုဗစ်ကူးစက်မှုကို လျှော့ချနိုင်ဖို့ အာရုံစိုက်ပြီး ဆောင်ရွက်ရမယ်လို့ ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း မဲလ်ဘုန်းမြို့မှာ ကိုဗစ် ကူးစက်သူ အရေအတွက် ၂၂၈ ယောက် ရှိခဲ့တယ်လို့ အာဏာပိုင်တွေက ကြေညာခဲ့ပါတယ်။ တရက်အတွင်း ကူးစက်မှုပမာဏ အမြင့်ဆုံးကို ရောက်ရှိခဲ့ပါတယ်။
မဲလ်ဘုန်းမြို့ အပါအဝင် ဗစ်တိုးရီးယားပြည်နယ်ရဲ့ ဝန်ကြီးချုပ်ဖြစ်သူ Daniel Andrews ကလည်း အခြေအနေက ပိုပိုဆိုးလာတယ်လို့ ပြောကြားခဲ့ပါတယ်။
သြစတြေးလျမှာ ကိုဗစ် စမ်းသပ် စစ်ဆေးမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေပါတယ်။ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း လူပေါင်း ၃၀,၀၀၀ ကျော်ကို စမ်းသပ်ပေးခဲ့တယ်လို့ သိရပါတယ်။ ကူးစက်မှုတွေ ပြန်မြင့်တက်လာတဲ့ အတွက်ကြောင့်လည်း လူ ၅ သန်းနီးပါး နေထိုင်တဲ့ မဲလ်ဘုန်းမြို့ကို ၆ ပတ်ကြာ Lockdown ချထားပါတယ်။
ဗစ်တိုးရီးယားပြည်နယ်မှာ နေထိုင်သူတွေကိုလည်း တခြားပြည်နယ်တွေ ခရီးထွက်တာမျိုး မပြုလုပ်ကြဖို့ တားမြစ်ထားပါတယ်။ မဲလ်ဘုန်းမြို့ကို Lockdown ချထားလို့ ကူးစက်မှုကို ထိန်းချုပ်နိုင်မလား သေချာ မသိရသေးတဲ့အတွက် Lockdown ကာလက ရက်သတ္တပတ်များစွာ ကြာမြင့်နိုင်တယ်လို့ ကျန်းမာရေး အာဏာပိုင်တွေက ပြောပါတယ်။
သြစတြေးလျနိုင်ငံမှာ မတ်လနှောင်းပိုင်းကစပြီး COVID-19 ရောဂါ ကူးစက်မှုတွေ ဖြစ်ပွားလာခဲ့တဲ့အတွက် နိုင်ငံတကာ ခရီးသွားတွေကို ပြန်ဝင်ခွင့်ပိတ်ပင်ခဲ့ပြီး နိုင်ငံသားတွေနဲ့ အမြဲ နေထိုင်သူတွေကိုသာ ပြည်ဝင်ခွင့် ပြုခဲ့ပါတယ်။ ပြန်လာသူတွေကိုလည်း ဟိုတယ် Quarantine ဝင်စေခဲ့ပါတယ်။ သြစတြေးလျနိုင်ငံမှာ လူဦးရေ ၂၅ သန်းရှိတဲ့အနက် ရောဂါ ကူးစက်ခံရသူ ၉,၀၀၀ ကျော်ရှိနေပြီး ၁၀၆ ယောက်သေဆုံးခဲ့ပါတယ်။
Ref: Bangkokpost
You may also like these stories:
ကိုဗစ်ကြောင့် မဲလ်ဘုန်းမြို့ကို ဒုတိယအကြိမ် Lockdown ပြန်ချ
အမေရိကန်မှာ ကိုဗစ် ကူးစက်ခံရသူ ၃ သန်း ကျော်ပြီ
တောင်ကိုရီးယားမှာ ကျန်းမာရေးဝန်ထမ်းများအား ဒရုန်းလွှတ်တင်ပြီး ဂုဏ်ပြု