Trend

Cheerleader နေရာမှာ စက်ရုပ်တွေ အစားထိုးခဲ့တဲ့ ဂျပန်ဘေ့စ်ဘောအသင်း

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် အားကစားပွဲတွေမှာ ပရိသတ် မပါဘဲ ယှဉ်ပြိုင်ကစားနေရပါတယ်။ ဂျပန်နိုင်ငံက ဘေ့စ်ဘောအသင်း တသင်းကတော့ ကစားသမားတွေကို အားပေးနိုင်ဖို့အတွက် စည်းမျဉ်းနဲ့အညီ အစားထိုး လုပ်ဆောင်လိုက်ပါတယ်။

ဂျပန်နိုင်ငံ Fukuoka SoftBank Hawks ဘေ့စ်ဘောအသင်းက ကစားသမားတွေကို အားပေးနေကျ Cheerleader တွေ နေရာမှာ Dancing Robot တွေကို အစားထိုးလိုက်ပါတယ်။ COVID-19 ကူးစက်မှုများကြောင့် ပရိသတ် မပါဘဲ ကစားနေရတဲ့ ကစားသမားတွေ စိတ်ဓာတ်တက်ကြွအောင် စက်ရုပ်တွေနဲ့ အားပေးခဲ့တယ်လို့ ဆိုပါတယ်။

ဇူလိုင် ၇ ရက်က ကစားခဲ့တဲ့ Nippon Professional Baseball (NPB) ပြိုင်ပွဲရဲ့ ပြိုင်ဘက်အသင်း Rakuten Eagles နဲ့ပွဲမှာ ကန့်သတ်ချက်တွေကြောင့် ပရိသတ်ခုံတွေ လစ်လပ်နေပေမယ့် Cheerleader နေရာမှာတော့ Dancing Robot အရုပ် ၂၀ လောက်က အသင်းအောင်နိုင်ရေးသီချင်းနဲ့ ကပြဖျော်ဖြေခဲ့ပါတယ်။

လူပုံစံတူ Pepper စက်ရုပ်နဲ့ ခြေ ၄ ချောင်းပါ ခွေးပုံစံတူ စက်ရုပ် ၂ မျိုးကို အသုံးပြုပြီး အောင်နိုင်ရေးအတွက် Cheerleader အဖြစ် အသုံးပြုခဲ့တာပါ။

ပရိသတ်ကြည့်ရှုခွင့် ရခဲ့တုန်းကအတိုင်း သီချင်းတွေ၊ လက်ဟန် အမူအရာတွေနဲ့ ပရိသတ် ၄ သောင်းဆန့် Fukuoka ကွင်းကြီးမှာ စက်ရုပ်တွေက အစားထိုး အားပေးခဲ့ကြပါတယ်။ စက်ရုပ်တချို့ကို Hawks ဘေ့စ်ဘောအသင်း ဦးထုပ်တွေ ဝတ်ဆင်ပေးထားပါသေးတယ်။

အဆိုပါ အဖြစ်ပျက်နဲ့ ပတ်သက်ပြီး ပရိသတ်တွေကတော့ ဆိုရှယ်မီဒီယာပေါ်မှာ အမြင်အမျိုးမျိုးနဲ့ မှတ်ချက်ပေးခဲ့ကြပါတယ်။ “ ဒါက နောင်တချိန် ပိုးဆိုးလာမယ့် ကမ္ဘာသစ်ပုံစံလို့ပဲ ထင်တယ်” လို့ ဝေဖန်ကြသလို ၊ “ရူးလောက်အောင် လှတာပါ” လို့ သဘောကျတဲ့ မှတ်ချက်စကားတွေလည်း ရှိပါတယ်။

ဘယ်လိုပဲ အကောင်းအဆိုး မှတ်ချက်ပြုခံထားရပါစေ Dancing Robot တွေ သုံးပြီး အားပေးခံခဲ့ရတဲ့ Hawks အသင်းကတော့ ၄-၃ နဲ့ ၂၀၁၉ ခုနှစ် NPB Title ကို ဆက်လက် ထိန်းထားရင်း အောင်ပွဲခံနိုင်ခဲ့ပါတယ်။ COVID-19 ကပ်ရောဂါကြောင့် ပုံမှန်ကစားလေ့ရှိတဲ့ အချိန်ထက် ၃ လ နောက်ကျပြီးမှ NPB ပြိုင်ပွဲတွေကို ကျင်းပနိုင်ခဲ့ပြီး ပွဲအားလုံးကို ပရိသတ်မပါဘဲ ကစားဖို့ စည်းကမ်းသတ်မှတ်ထားပါတယ်။

ဒါပေမဲ့လည်း နိုင်ငံတွင်းမှာ ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးနေတာကြောင့် လာမယ့် အပတ်ကစလို့ ဘောလုံး၊ ဘေ့စ်ဘော ပြိုင်ပွဲတွေကို ပရိသတ် ၅၀၀၀ ကျော်အထိ ခွင့်ပြုပေးသွားဖို့ ရှိပါတယ်။ ဂျပန်နိုင်ငံမှာ COVID-19 ရောဂါ ကူးစက်ခံထားရသူ ၂၀,၇၁၉ ဦးရှိပြီး သေဆုံးသူ ၉၈၂ ဦး ရှိခဲ့ပေမယ့် ကန့်သတ်ချက်တွေကိုတော့ တဖြည်းဖြည်း ဖြေလျော့လာနေပြီ ဖြစ်ပါတယ်။

Ref: India Today

You may also like these stories:

ပြင်သစ်မှာ ခရီးသည်ကို Mask တပ်ခိုင်းရာ ယာဉ်မောင်း အရိုက်ခံရပြီး သေဆုံး

ကမ္ဘာ့အကြီးဆုံး ကုလားအုတ်ဆေးရုံ

၂၀၂၀ ခုနှစ်အတွက် အပျော်ရွှင်ဆုံးနိုင်ငံများ

Loading