ပြင်သစ်နိုင်ငံမှာ အများပြည်သူသုံး ဘတ်စ်ကား ယာဉ်မောင်းဟာ ကားပေါ်တက်လာတဲ့ ခရီးသည်ကို နှာခေါင်းစည်း Mask တပ်ခိုင်းရာကနေ စကားများပြီး ယာဉ်မောင်းက အရိုက်ခံရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့တယ်လို့ သူ့ရဲ့ မိသားစုဝင်တွေက ပြောပါတယ်။
အဆိုပါ ဖြစ်ရပ်ကို နိုင်ငံရေးခေါင်းဆောင်တွေ အနေနဲ့ ယာဉ်မောင်းအား ရိုက်နှက်ခဲ့တဲ့ ခရီးသည်တွေကို ပြစ်တင် ရှုတ်ချလိုက်ပြီး ယာဉ်မောင်းအတွက် ဝမ်းနည်းကြောင်း ပြောဆိုခဲ့ကြပါတယ်။
အသက် ၅၉ နှစ်အရွယ်၊ ယာဉ်မောင်း Philippe Monguillot ဆိုသူဟာ ရိုက်နှက်ခံရတဲ့ ဒဏ်ရာတွေနဲ့ ပြင်သစ်နိုင်ငံ၊ အနောက်တောင်ပိုင်း Bayonne မြို့မှာ အရင်ပတ်က ဆေးရုံတက်ရောက် ကုသရာကနေ ဦးနှောက် ဘယ်ဘက်ခြမ်း သေဆုံးသွားခဲ့တာပါ။ သမီးဖြစ်သူ Marie ရဲ့ ပြောပြချက်အရ မိသားစုဝင်တွေရဲ့ ဆန္ဒနဲ့ သူ့ကို ကူညီပေးနေတဲ့ အသက်ကယ်စနစ်ကို ရပ်တန့်ဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။
“ကျမတို့ အဖေ့ကို လက်လွှတ်ပေးဖို့ သဘောတူလိုက်တယ်။ ဆရာဝန်တွေက ဆုံးဖြတ်ခိုင်းချိန်မှာ မိသားစုဝင်တွေဘက်ကလည်း ရပ်လိုက်ဖို့ ခွင့်ပြုခဲ့တယ်” လို့ Marie က ဆိုပါတယ်။
ယာဉ်မောင်း သေဆုံးမှုနဲ့ ပတ်သက်ပြီး သေဆုံးနိုင်တဲ့အထိ ရိုက်နှက်မှုအဖြစ် လူနှစ်ယောက်ကို တရားစွဲဆိုထားရာ ယာဉ်မောင်း သေဆုံးသွားပြီဖြစ်တာကြောင့် အမှုဒီဂရီကို လူသတ်မှုအဖြစ် ပြောင်းလဲဖို့ ရုံးတော်ကို တင်ထားတဲ့အကြောင်း ရှေ့နေ Jerome Bourrier က ပြောပါတယ်။
ပြင်သစ်ဝန်ကြီးချုပ် Jean Castex ကလည်း ယာဉ်မောင်း Monguillot သေဆုံးမှုနဲ့ ပတ်သက်ပြီး ဝမ်းနည်းကြောင်း ပေးပို့ခဲ့ပါတယ်။
“ကျနော်တို့တွေ သူ့ကို စံပြနိုင်ငံသားတယောက် အနေနဲ့ အမြဲအမှတ်ရနေတော့မှာပါ။ ပြစ်ဒဏ် ကျူးလွန်သူတွေကို ဥပဒေအတိုင်း အပြစ်ပေးနိုင်ဖို့ ပြင်ဆင်နေပါတယ်။ ရိုက်နှက်မှုကိုလည်း သူရဲဘောကြောင်တဲ့ လုပ်ရပ်” လို့ ဝန်ကြီးချုပ်က သူ့ရဲ့တွစ်တာ စာမျက်နှာမှာ ရေးသားထားပါတယ်။
ပြည်ထဲရေးဝန်ကြီး Gerald Darmanin ကလည်း Bayoone က ဘတ်စ်ကားမောင်းသူတွေနဲ့ တွေ့ဆုံခဲ့ပြီး လုံခြုံရေး အခြေအနေတွေကို မေးမြန်းခဲ့ပါတယ်။ Monguillot ရဲ့အဖြစ်ပျက်ကြောင့် လုပ်ဖော်ကိုင်ဖက် ယာဉ်မောင်းတွေက လုပ်ငန်းခွင်ဝင်ဖို့ ငြင်းဆိုနေခဲ့ကြပေမယ့် ပြင်ဆင်ပေးထားတဲ့လုံခြုံရေး အစီအမံတွေကြောင့် လက်ရှိမှာတော့ လုပ်ငန်းခွင် ပြန်ဝင်နေကြပါပြီ။
Monguillot သေဆုံးမှုမှာ အဓိကတရားခံ အသက် ၂၂ နှစ်နဲ့ ၂၃ နှစ်အရွယ်တွေအပြင် နောက်ထပ် ၃ ယောက်ကိုလည်း ကြံရာပါအဖြစ် အရေးယူထားပါတယ်။ အဆိုပါ ၃ ယောက်မှာ၂ ယောက်ကတော့ ရိုက်နှက်မှုမှာ ကူညီပေးခဲ့ပြီး နောက် ၁ ယောက်ကတော့ တရားခံကို ဖွက်ထားပေးခဲ့ပါတယ်။
အဓိက ကျူးလွန်သူ နှစ်ယောက်ကလည်း ရဲမှတ်တမ်း ရှိပြီးသားသူတွေပါ။ ယာဉ်မောင်းတွေရဲ့ လုံခြုံရေးအတွက် Bayoone မြို့ထဲပြေးဆွဲနေတဲ့ ဘတ်စ်ကားလိုင်း လမ်းကြောင်းတလျှောက် လုံခြုံရေးအစောင့်တွေ ချထားပေးထားတယ်လို့ သိရပါတယ်။
Ref: Bangkok Post