COVID-19 ကပ်ရောဂါကာလအတွင်း ဘယ်တော့မှ နှာခေါင်းစည်း Mask မတပ်ခဲ့တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ပထမဆုံးအကြိမ် Mask တပ်တာ မြင်တွေ့ခဲ့ကြပါတယ်။ ဇူလိုင် ၁၁ ရက် ညနေပိုင်းက အိမ်ဖြူတော်ကနေ ရဟတ်ယာဉ်နဲ့ ထွက်ခွာပြီး စစ်ဆေးရုံ သွားရောက်ခဲ့စဉ်မှာ သမ္မတ ထရမ့်ကို Mask တပ်ထားတာ တွေ့ခဲ့ကြပါတယ်။
အမေရိကန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အမြင့်ဆုံးနိုင်ငံဖြစ်နေပြီး လက်ရှိအချိန်ထိလည်း ကူးစက်ခံရသူ နေ့စဉ်နဲ့အမျှ တိုးပွားနေဆဲ အခြေအနေပါ။ သမ္မတ ထရမ့်က Mask တပ်ဆင်တာနဲ့ ပတ်သက်ပြီး ကိုယ်ပိုင် လွတ်လပ်ခွင့်ဖြစ်တာကြောင့် မဖြစ်မနေ တပ်ဖို့ မတိုက်တွန်းဘူးလို့ ပြောဆိုခဲ့ဖူးပါတယ်။
ဝါရှင်တန်မြို့တော် အပြင်ဘက်မှာရှိတဲ့ Walter Reed အမျိုးသား စစ်ဆေးရုံကို သွားရောက်စဉ်မှာတော့ ထရမ့်ဟာ ကျွမ်းကျင်သူတွေက မျက်နှာဖုံးကာ Mask ကို အစိုးရ သတ်မှတ်ချက်တွေအတိုင်း တပ်ဆင်ဖို့ တိုက်တွန်းချက်အတိုင်း လိုက်နာခဲ့ပါတယ်။
သမ္မတ ထရမ့်ဟာ Walter Reed စစ်ဆေးရုံမှာ COVID-19 ကူးစက်ခံ လူနာတွေကို ကုသပေးနေတဲ့ ကျန်းမာရေး ဝန်ထမ်းတွေရယ်၊ ဒဏ်ရာရ စစ်သည်တွေကို သွားရောက် တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ အိမ်ဖြူတော်က မထွက်ခွာခင်မှာ သတင်းသမားတွေကို “ဆေးရုံသွားတဲ့ အချိန်တော့ Mask တပ်သင့်တယ် ထင်တယ်” ဆိုပြီး ပြောခဲ့ပါသေးတယ်။
ဒါဟာ အများပြည်သူရှေ့မှာ ပထမဆုံးအကြိမ် Mask တပ်တာကို မြင်တွေ့ခဲ့ကြတာဆိုပေမယ့် မေလက Ford စက်ရုံကို သွားရောက်ခဲ့စဉ်တုန်းကလည်း သမ္မတ ထရမ့် Mask တပ်တယ်ဆိုပြီး ဓာတ်ပုံတွေ ထွက်ပေါ်လာခဲ့ဖူးပါတယ်။ အဲဒီ့အချိန်တုန်းကတော့ ထရမ့်ဟာ အများပြည်သူရှေ့မှာ Mask တပ်ဖို့ကို ငြင်းဆန်နေခဲ့ပါသေးတယ်။
မကြာခင်ကပဲ သမ္မတနဲ့ ထိစပ်မှု ရှိသူတွေ တယောက်ပြီးတယောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရသလို၊ သားဖြစ်သူ ဒေါ်နယ်ဂျူနီယာရဲ့ ချစ်သူလည်း ထရမ့် မိသားစုနဲ့ တွေ့ဆုံပြီးနောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတာကြောင့် စုံတွဲ နှစ်ယောက်လုံး သီးသန့် ခွဲထွက်နေနေကြပါတယ်။
စနေနေ့က စစ်ဆေးရုံကို သွားရောက်ခဲ့စဉ်မှာ သမ္မတဟာ အနက်ရောင် Mask ကို ဝတ်ဆင်ထားပြီး သူနဲ့အတူ သွားရောက်ခဲ့သူတွေအကုန်လုံးလည်း ဝတ်ဆင်ထားတာကို တွေ့ခဲ့ကြပါတယ်။ သမ္မတနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကတော့ ထရမ့် Mask မတပ်တာဟာ သူ့ကိုယ်သူ အားနည်းတယ်လို့ ထင်မြင်သွားမှာရယ်၊ ကျန်းမာရေး အခြေအနေထက် စီးပွားရေးပြန်လည် ဦးမော့လာဖို့ကို ဦးစားပေးချင်တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
ထရမ့်ဟာ သူကိုယ်တိုင် Mask မတပ်ပေမယ့် အလုံပိတ် အခန်းနေရာမျိုးမှာ တယောက်နဲ့ တယောက် နီးနီးကပ်ကပ် ရှိတဲ့အခါ Mask တပ်ဆင်သင့်တယ်ဆိုတဲ့ ကျန်းမာရေးအသိရှိဖို့ ပြောတာမျိုးတွေ ရှိပါတယ်။ သတင်းသမားတွေက Mask မတပ်တာနဲ့ ပတ်သက်လို့ ဝေဖန်တာတွေကို ပြန်ချေပခဲ့တာတွေ ရှိသလို ဒီမိုကရက်တစ်ပါတီက သမ္မတလောင်း ဂျိုးဘိုင်ဒန် Mask တပ်ဖို့ပြောတာတွေကို ကိုယ်ပိုင်တွစ်တာကတဆင့် ပြန်လည် ထေ့ငေါ့တာတွေ ရှိခဲ့ပါတယ်။
Ref: The Guardian