စက်ဘီးတစီးနဲ့ မိုင်ထောင်ချီ ဖြတ်သန်းလာခဲ့ပြီးတာတောင်မှ ကောလိပ်ကျောင်းသား Kleon Papadimitriou အိမ်ပြန်ခရီးစဉ်ကို မယုံကြည်နိုင် ဖြစ်နေပါတယ်။ အသက် ၂၀ အရွယ် ဂရိလူမျိုး ကောလိပ်ကျောင်းသားဟာ ပညာသင်ကြားနေတဲ့ စကော့တလန်နိုင်ငံကနေ အိမ်မပြန်နိုင်ဘဲ ပိတ်မိနေခဲ့တာပါ။
Kleon တယောက် COVID-19 ကပ်ရောဂါကာလအတွင်း လေကြောင်းလိုင်းတွေ ရပ်နားသွားခဲ့တာကြောင့် မွေးရပ်မြေနဲ့ မိုင်ထောင်ချီဝေးတဲ့ စကော့တလန်ကနေ အေသင်ကို ပြန်မလာနိုင်ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့်လည်း မိုင်ပေါင်း ၂,၁၇၅ မိုင်ကျော် ကွာဝေးတဲ့ အေသင်မြို့ဆီကို စက်ဘီးစီးပြန်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
“ဒီခရီးစဉ်ကတော့ ကျနော့်ကို တကယ်ပဲ Comfort Zone ကနေ စွန့်စားချင်စိတ်တွေ ဖြစ်လာအောင် တွန်းအားပေးလိုက်သလိုပါပဲ။ ခရီးစဉ်ကနေ အများကြီး ပညာတွေ ရခဲ့ပါတယ်။ ကျနော် လုပ်နိုင်တဲ့ အတိုင်းအတာ၊ အားနည်းချက်၊ အားသာချက်တွေက ဘာဆိုတာ သိလာခဲ့ရတယ်” လို့ ၄၈ ရက်ကြာ စက်ဘီးစီးပြန်လာခဲ့သူ Kleon က ပြောပြပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် သူနဲ့အတူတူ ပညာသင်နေတဲ့ ကျောင်းသား တော်တော်များများ ပြန်သွားခဲ့ပေမယ့်သူကတော့ သင်ခန်းစာတွေ လွတ်မှာ စိုးရိမ်ပြီး အနားနီးမှ အချိန်ကိုက်ပြန်ဖို့ စီစဉ်ခဲ့ပေမယ့် ကြိုတင်ဘိုကင်တင်ထားခဲ့တဲ့ လေယာဉ် ခရီးစဉ်တွေအကုန် ရပ်နားသွားတာနဲ့ ကြုံလိုက်ရပါတယ်။
“ဧပြီ ပထမပတ်လောက်တုန်းက ဒီအတိုင်းဆို Aberdeen တက္ကသိုလ်ထဲမှာ နောက်လတွေထိ Quarantine ဝင်နေရဦးမှာပဲလို့ သိလိုက်ပြီး ဒီအကြံကို ရခဲ့တာပါ” လို့ Kleon က ပြောပြပါတယ်။
၂၀၁၉ ခုနှစ်မှာ စက်ဘီးပြိုင်ပွဲဝင်ပြိုင်ခဲ့ဖူးတဲ့ အတွေ့အကြုံရယ်၊ ဒီနှစ်ထဲမှာ လေ့ကျင့်ခဲ့ဖူးတဲ့ အတွေ့အကြုံတွေ ပေါင်းပြီး လိုအပ်တဲ့ ပစ္စည်းတွေ ဝယ်ကာ မိုင်ထောင်ချီ ခရီးအတွက် ပြင်ဆင်ခဲ့တယ်လို့ ဆိုပါတယ်။ သူငယ်ချင်းတွေနဲ့ မိသားစုကို ခရီးစဉ်အကြောင်း ပြောပြခဲ့ချိန်မှာ သူတို့ လက်ခံခဲ့ကြပါတယ်။ Kleon ရဲ့ အဖေက သူ့ခရီးစဉ်တလျှောက် မိသားစုတွေပါ ခြေရာခံနိုင်အောင် App တပ်ထားဖို့ အကြံပေးခဲ့ပါတယ်။
မေ ၁၀ ရက်မှာ အစားအစာ၊ အိပ်ရာလိပ်နဲ့ Tent ၊ စက်ဘီးအတွက်လိုအပ်တဲ့ပစ္စည်း တချို့တင်ပြီး စကော့တလန်ကနေ စတင်ထွက်ခွာခဲ့ပါတယ်။ တနေ့ကို မိုင်ပေါင်း ၃၅ မိုင်ကနေ ၇၅ မိုင်ကြား ခရီးနှင်ခဲ့ပြီး အရင်ဆုံး အင်္ဂလန်နိုင်ငံကို ဖြတ်ကာ နယ်သာလန်၊ ဂျာမနီ၊ သြစတြီးယား၊ အီတလီအရှေ့ဘက် ကမ်းခြေတလျှောက်ကနေ လှေနဲ့ ဂရိဆိပ်ကမ်း Patras ကို ရောက်လာခဲ့တာပါ။ အဲဒီ့ကနေမှ အေသင်မြို့ကို စက်ဘီးနဲ့ ခရီးဆက်ခဲ့ပါတယ်။
ညဘက်ကို သစ်တောနဲ့ လယ်ကွင်းပြင်တွေမှာ စခန်းချပြီး နောက်တနေ့ ဖြတ်သန်းရမယ့် ခရီးစဉ်ကို အကြမ်းဖျင်းဆွဲလေ့ ရှိသလို၊ မိသားစု၊ သူငယ်ချင်းတွေနဲ့လည်း နေ့တိုင်း အဆက်အသွယ်လုပ်ခဲ့ပါတယ်။ ခရီးစဉ်တလျှောက် ညအိပ်ရပ်နားဖို့၊ ကိုယ်လက်သန့်စင်နိုင်အောင် ကူညီပေးခဲ့သူတွေနဲ့လည်း မိတ်ဆွေဖြစ်ခွင့်ရခဲ့တယ်လို့ Kleon က သူ့ခရီးစဉ်အကြောင်းကို ပြောပြပါတယ်။
ဇွန် ၂၇ ရက်၊ ခရီးစဉ် ရက် ၅၀ နီးပါးမှာ အေသင်မြို့က အိမ်ဆီပြန်ရောက်လာခဲ့ချိန်မှာ သူငယ်ချင်းတွေနဲ့ မိသား စုတွေက စောင့်မျှော်ကြိုဆိုနေခဲ့ကြပါတယ်။ အခုတော့ Kleon တယောက် နွေရာသီအလုပ်အတွက် ပြင်ဆင်နေသလို ၇ ပတ်ကြာ ဖြတ်သန်းခဲ့တဲ့ စွန့်စားခရီးစဉ်ကြီးအကြောင်းကို ပြန်ပြောင်းပြောပြရင်း အချိန်ကုန်နေပါ တယ်။
“ကျနော့်ကို ကျနော် တိုးတက်လာတယ်လို့ မြင်တယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ပိုပြီး ယုံကြည်မှုတွေ ရှိလာတယ်။ လုပ်ရည်ကိုင်ရည်လည်း ပိုကောင်းလာတယ်။ ဒီလို စွန့်စားခန်း အရှည်ကြီး မလုပ်ဖြစ်ခဲ့ဖူးရင် ကျနေ့ာ်ကို ဒီအချိန်ဒါမျိုး လုပ်နိုင်မလား မေးခဲ့ရင် မလုပ်နိုင်ဘူးပဲ ပြန်ဖြေမိမယ် ထင်တယ်” လို့ Kleon က ဆိုပါတယ်။
Ref: edition.cnn
You may also like these stories:
အမေရိကန်မှာ ကိုဗစ်ပါတီ တက်ရောက်သူတဦး သေဆုံး
ဖလော်ရီဒါမှာ တရက်အတွင်း ကိုဗစ် ကူးစက်ခံရသူ ၁၅၀၀၀ ကျော်ရှိ
အီဂျစ်က ကမ္ဘာကျော် ရှေးဟောင်းနေရာတွေ ပြန်ဖွင့်ပြီ