COVID-19 ကပ်ရောဂါ ကူးစက်မှုတွေကြောင့် ၂၀၂၀ ခုနှစ်ထဲမှာ ကျင်းပမယ့် Wimbledon တင်းနစ်ပြိုင်ပွဲကို ဖျက်သိမ်းခဲ့ပေမယ့် ဆုကြေးငွေတွေကို ခွဲဝေပေးမယ်လို့ တင်းနစ်ပြိုင်ပွဲ စီစဉ်ကျင်းပတဲ့ အဖွဲ့စည်းက ပြောကြားလိုက်ပါတယ်။
တင်းနစ်ပြိုင်ပွဲကို ကြီးမှူးကျင်းပနေတဲ့ All England Lawn Tennis Club က ၂၀၂၀ ပြည့်နှစ်ပြိုင်ပွဲကို ကိုဗစ် ကူးစက်မှုတွေကြောင့် ဖျက်သိမ်းလိုက်ရပေမယ့် ဆုချီးမြှင့်ဖို့ စီစဉ်ထားတဲ့ ဆုကြေးငွေတွေကိုတော့ ပြိုင်ပွဲဝင်ဖို့ စာရင်းပေးထားတဲ့ ကစားသမားအကုန်လုံးကို ခွဲဝေပေးသွားဖို့ စီစဉ်ထားပါတယ်။
WTA နဲ့ ATP ကမ္ဘာအဆင့်သတ်မှတ်ချက်တွေကို အခြေခံပြီး တယောက်ချင်းစီပြိုင်ပွဲအတွက် လက်ရည်စစ်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရမယ့် ကစားသမား ၂၂၄ ဦးအတွက် တယောက်ကို စတာလင်ပေါင် ၁၂,၅၀၀ စီ ရရှိမှာဖြစ်ပြီး လက်ရည်စစ်ပွဲ ဝင်စရာ မလိုတဲ့ ထိပ်တန်းကစားသမား ၂၅၆ ဦးအတွက်တော့ တယောက်ကို စတာလင်ပေါင် ၂၅,၀၀၀ စီ ပေးသွားမှာ ဖြစ်ပါတယ်။
နှစ်ယောက်တွဲယှဉ်ပြိုင်မယ့် ကစားသမား ၁၂၀ ဦးအတွက် တယောက်ကို ဆုကြေးငွေ စတာလင်ပေါင် ၆,၂၅၀ ရရှိမှာ ဖြစ်သလို၊ မသန်စွမ်း Wheelchair Events မှာ ကစားမယ့်ကစားသမား ၂၀ ဦးအတွက်တော့ တယောက ကို စတာလင်ပေါင် ၆,၀၀၀ နီးပါးစီ ခွဲဝေပေးသွားမှာဖြစ်ပါတယ်။
Wimbledon ကို ကြီးမှူးကျင်းပတဲ့ AELTC ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၀ ပြည့်နှစ်ပြိုင်ပွဲအတွက် ခွဲဝေပေးသွား မယ့် ဆုကြေးငွေ စုစုပေါင်းဟာ စတာလင်ပေါင် ၁၀ သန်းရှိပြီး အမေရိကန်ဒေါ်လာ ၁၂ ဒဿမ ၄ သန်းနဲ့ ညီမျှတယ်လို့ ဖော်ပြထားပါတယ်။
“ဒီနှစ်ပြိုင်ပွဲကို ဖျက်သိမ်းရပြီဆိုကတည်းက ဒီပြိုင်ပွဲဖြစ်မြောက်အောင် လုပ်ပေးခဲ့ကြသူ အားလုံးကို ကူညီပေးချင်ခဲ့တာပါ။ အခုလို ပြိုင်ပွဲတွေ မရေရာတဲ့အချိန်မှာ အထူးသဖြင့် ကစားသမားတွေပေါ့ဗျာ။ တချို့ဆို ပွဲတွေနားနေရတော့ ငွေကြေးမပြေလည်တာမျိုးတွေ ရှိကြတယ်”
“ဒါကြောင့်လည်း သူတို့အတွက် Wimbledon ပြိုင်ပွဲမှာ ပေးမယ့် ဆုကြေးငွေတွေကို ကမ္ဘာအဆင့်လိုက် ခွဲဝေပေးဖို့ ဆုံးဖြတ်ခဲ့တယ်” လို့ AELTC ရဲ့ Chief Executive ဖြစ်သူ ရစ်ချက် လူးဝစ်က ဆုကြေးငွေ ခွဲဝေပေးဖြစ်ပုံအကြောင်းကို ရှင်းပြပါတယ်။
AELTC ဟာ Wimbledon ဖောင်ဒေးရှင်းအတွက် COVID-19 ရန်ပုံငွေအဖြစ် စတာလင်ပေါင် ၁ ဒဿမ ၂ သန်း လှူဒါန်းခဲ့သလို၊ ၂၀၂၀ Wimbledon ပြိုင်ပွဲအတွက်ရည်ရွယ်ခဲ့ပြီး စတော်ဘယ်ရီ၊ တဘက်နဲ့ တင်းနစ် ဘောလုံးတွေ လှူဒါန်းဖို့ရှိခဲ့ပါတယ်။ မသန်စွမ်းပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် Wheelchair ကစားသမားတွေအတွက်လည်း ရန်ပုံငွေတည်ထောင်တာမျိုးတွေ လုပ်ဆောင်ပေးခဲ့ပါတယ်။
Ref: WTA Tennis
You may also like these stories:
Cheerleader နေရာမှာ စက်ရုပ်တွေ အစားထိုးခဲ့တဲ့ ဂျပန်ဘေ့စ်ဘောအသင်း
အောင်လအန်ဆန်း COVID-19 ရောဂါ ကူးစက်ခံရ
ကမ္ဘာ့နံပါတ် ၁ တင်းနစ်ကစားသမား ဂျိုကိုဗစ် COVID-19 ကူးစက်ခံရ