ပြီးခဲ့တဲ့ ရက်ပိုင်းလောက်မှာတော့ အီဂျစ်စစ်သားတွေ ထိုင်းနိုင်ငံ၊ Rayong မှာ Quarantine မဝင်ဘဲ နေထိုင်ခဲ့ကြပါတယ်။ အဲ့ဒီစစ်သားတွေဟာ COVID-19 ကူးစက်ခံထားရသူတွေလို့ သိရပြီး နောက်ပိုင်း ထိုင်းပြည်သူတွေအနေနဲ့ အထိတ်တလန့် ဖြစ်ခဲ့ကြပါတယ်။
လက်ရှိမှာတော့ ထိုင်းနိုင်ငံမှာ ပြည်တွင်း ကူးစက်မှုတာမျိုး မရှိသေးဘူးလို့ ထိုင်းလက်ထောက် ကျန်းမာရေးဝန်ကြီး ဖြစ်သူ Sathit Pitutecha က အတည်ပြုပြောကြားခဲ့ပြီးနောက် ထိုင်းပြည်သူတွေအနေနဲ့ ကြောက်ရွံ့မနေကြဘဲ ပုံမှန် အခြေအနေအတိုင်း ပြန်နေထိုင်ကြဖို့ ထိုင်းဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာက တိုက်တွန်းလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာတော့ Rayong မှာ COVID-19 စစ်ဆေးနေမှု အခြေအနေနဲ့ အများပြည်သူတွေရဲ့ကျန်းမာရေး အခြေအနေတွေကို စုံစမ်းစစ်ဆေးနိုင်ဖို့ ထိုင်းဝန်ကြီးချုပ်က ဘန်ကောက်ကနေ ရဟတ်ယာဉ်နဲ့ သွားရောက်ခဲ့ပါတယ်။
ဝန်ကြီးချုပ်နဲ့အတူ လက်ထောက်ဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးဖြစ်သူ Anutin Charnvirakul တို့ဟာ COVID-19 ကူးစက်ခံထားရတဲ့ အီဂျစ်စစ်သားတွေ သွားရောက်လည်ပတ်ခဲ့တဲ့ နေရာတွေကို သွားရောက်ခဲ့ပြီး ပြည်သူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ၁၄ ရက် Quarantine မဝင်ဘဲ နေထိုင်စေခဲ့တဲ့အတွက်လည်း ပြည်သူတွေကိုတောင်းပန်ခဲ့ပါတယ်။
ဒီလိုဖြစ်ရပ်မျိုး နောက်ထပ် မဖြစ်စေရဘူးလို့လည်း ဝန်ကြီးချုပ်က ကတိပြုခဲ့ပါတယ်။ အများပြည်သူတွေအနေနဲ့လည်း ထိုင်းနိုင်ငံရဲ့ ဆရာဝန်တွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ယုံကြည်စေလိုကြောင်း ပြောကြားခဲ့ပါတယ်။ ဒီဖြစ်ရပ် ဖြစ်ပွားခဲ့ပြီးနောက်ပိုင်းမှာတော့ ထိုင်းနိုင်ငံကို လာရောက်တဲ့ ဘယ်လိုအရေးကြီး ပုဂ္ဂိုလ်မျိုးကိုမဆို COVID-19 စစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
သတင်းမီဒီယာတွေအနေနဲ့လည်း အများပြည်သူ အထိတ်တလန့် ဖြစ်စေမယ့် သတင်းတွေ ဖော်ပြနေတာကို ရှောင်ရှားစေလိုပြီး ပြည်တွင်းကူးစက်မှု မရှိတဲ့ သတင်းတွေကို ပိုမိုအာရုံစိုက်စေလိုတယ်လို့ ဝန်ကြီးချုပ်က တောင်းဆိုခဲ့ပါတယ်။
တချိန်တည်းမှာပဲ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ Rayong ပြည်သူတွေကို ကိုယ်စားပြုတဲ့ အဖွဲ့တဖွဲ့ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာပဲ အစိုးရအိမ်တော်ကို သွားရောက်ပြီး ဝန်ကြီးချုပ်နဲ့ တွေ့ဆုံခဲ့သလို နိုင်ငံခြားသားတွေ ၁၄ ရက် Quarantine ကင်းလွတ်ခွင့်ကို ဖျက်သိမ်းပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
Rayong မှာ နေထိုင်သူတွေအနေနဲ့ ဝင်ငွေ မရှိတာ ၄ လကျော်ကြာခဲ့ပြီဆိုပေမယ့် နိုင်ငံခြားသားတွေ ၁၄ ရက် Quarantine မဝင်ဘဲ နေထိုင်စေတာမျိုးကိုတော့ လက်မခံဘူးလို့ ဝန်ကြီးချုပ်နဲ့ သွားရောက် တွေ့ဆုံခဲ့သူ Thatchaya က ပြောပါတယ်။
အခုလို ဝန်ကြီးချုပ်က ပြန်လည်တောင်းပန်တာမျိုးကို မလိုချင်ဘဲ လူတိုင်း တန်းတူ အခွင့်အရေး ရဖို့ကို သာ လိုလာကြောင်း သူမက ပြောပါတယ်။ ဘန်ကောက်မှာရှိတဲ့ အီဂျစ်သံရုံးကို သွားရောက်ပြီး ဒီကိစ္စနဲ့ပတ်သက်တဲ့ ဖြေရှင်းချက်တွေပေးဖို့ တောင်းဆိုသွားမယ်လို့ သိရပါတယ်။
Ref: Bangkokpost
You may also like these stories:
ထိုင်းကို နိုင်ငံခြားသားခရီးသွားများ ဝင်ရောက်ခွင့်ပြုတော့မည်
ထိုင်းပြည်သူများ ကိုဗစ် ဒုတိယလှိုင်းဖြစ်မှာ စိုးရိမ်နေ