ထိုင်းနိုင်ငံကို ပြန်ရောက်လာတဲ့ သံတမန် မိသားစုတွေထဲက ကလေးငယ်တယောက်မှာ COVID-19 ရောဂါ ကူးစက်ခံထားရပေမယ့် မိသားစုဝင်တွေကို နေထိုင်ရာအိမ်ကို ပြန်လည် နေခွင့်ပြုထားတဲ့သတင်းကြောင့် ဘန်ကောက်ဒေသခံ ပြည်သူတွေ စိုးရိမ်ပူပန်နေကြပါတယ်။
ဆူဒန်ကနေ ပြန်လာတဲ့ သံတမန်မိသားစုဝင်တွေထဲက ၉ နှစ်အရွယ် သမီးလေးမှာ COVID-19 ရောဂါ ကူးစက်ခံထားရတာကို စစ်ဆေးတွေ့ရှိခဲ့ပေမယ့် ကျန်မိသားစုဝင်တွေကိုတော့ သူတို့နေထိုင်ရာ ဘန်ကောက်မြို့လယ်က ကွန်ဒိုတိုက်ခန်းမှာပဲ ပြန်နေခွင့်ပေးထားတယ်ဆိုတဲ့သတင်းကြောင့် ကျန်းမာရေးဌာနက တာဝန်ရှိသူတွေ ဖိအားပေးခံနေရပါတယ်။
ဇူလိုင် ၁၁ ရက်မှာ ပြန်ရောက်လာတဲ့ အဆိုပါမိသားစုဝင်တွေကို လေဆိပ်မှာပဲ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးခဲ့ချိန် အငယ်ဆုံးသမီးမှာ ပိုးကူးစက်ခံရကြောင်း တွေ့ရှိခဲ့ပေမယ့် ဆေးရုံကို လေဆိပ်ကနေ ဒါမှမဟုတ် နေထိုင်ရာ ကွန်ဒိုတိုက်ခန်းကနေမှပဲ ပို့ဆောင်လားဆိုတာ သက်ဆိုင်ရာက အတိအကျ ထုတ်ပြန်ပြောဆိုခြင်း မရှိခဲ့ပါဘူး။
ရောဂါထိန်းချုပ်ရေးစင်တာက ဒါရိုက်တာဖြစ်သူ Suwanchi Wattanayingcharoenchai ကတော့ အဆိုပါကိစ္စနဲ့ပတ်သက်ပြီး တာဝန် လစ်ဟင်းခဲ့တဲ့ တာဝန်ရှိသူတွေကို စုံစမ်းဖော်ထုတ် စစ်ဆေးသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။
ဆူဒန် သံတမန် မိသားစုဝင်တွေဟာ ထိုင်းနိုင်ငံကို ပြန်မရောက်လာခင်ကတည်းက မိခင်နိုင်ငံမှာ COVID-19 စစ်ဆေးခဲ့ချိန် ပိုးမတွေ့ရဘဲ ထိုင်းနိုင်ငံ လေဆိပ်အရောက် စစ်ဆေးချိန်မှာ တွေ့ခဲ့ရတာပါ။ ဇူလိုင် ၁၁ ရက်၊ စနေနေ့က ပိုးတွေ့လူနာ အသစ် ၁၄ ယောက်ထဲမှာ တယောက်ဖြစ်ခဲ့ပြီး အဲဒီ့နေ့က ဆူဒန်ကနေ ပြန်လာသူ ၁၂ ယောက် ရှိခဲ့ပါတယ်။
အစပိုင်းမှာတော့ ကျန်းမာရေးဌာနက တာဝန်ရှိသူတွေ အတိအကျထုတ်ပြန်ဖို့ နှုတ်ပိတ်နေပြီး Soi Sukhumvit 26 မှာ နေထိုင်တဲ့ မိသားစုဝင်တဦးမှာ COVID-19 ကူးစက်ခံရတယ်လို့ပဲ ဖော်ပြခဲ့ပါတယ်။ ကွန်ဒိုတိုက်ခန်းဝန်း အတွင်းက ဓာတ်လှေခါး၊ အားကစားခန်းမနဲ့ ရေကူးကန်တွေကို ပိုးသတ်ဆေးဖျန်းထားပြီး အဆိုပါမိသားစုနဲ့ ထိတွေ့ခဲ့တဲ့ ဝန်ထမ်းတွေကိုလည်း Self-quarantine ၁၄ ရက် စောင့်ကြည့်ထားရှိထားတယ်လို့ ဆိုပါတယ်။
နောက်ထပ် တခုကတော့ ရောဂါကူးစက်ခံရတဲ့လို့ အဖြေထွက်လာတဲ့ အီဂျစ် လေတပ်အရာရှိနဲ့ စစ်သည်တွေဟာ မတိုင်ခင်က Rayong မြို့ထဲက ဈေးဝယ်စင်တာနဲ့ အများပြည်သူ သွားလာရာနေရာတွေကို သွားရောက်ခဲ့ဖူးတာကြောင့် ကူးစက်မှုတွေ ဖြစ်မလာအောင် ကျောင်း ၁၀ ကျောင်းကိုလည်း ပြန်ပိတ်ထားခဲ့ရပါတယ်။
ဇူလိုင် ၁၄ ရက်နေ့ထိ ထိုင်းနိုင်ငံမှာ ပြည်တွင်းကူးစက်မှုမရှိခဲ့တာ ရက်ပေါင်း ၅၀ ကျော်သွားပါပြီ။ ဒါပေမဲ့လည်း ဆူဒန် သံတမန်မိသားစုနဲ့ အီဂျစ်စစ်တပ်က ရောဂါကူးစက်ခံရမှုအသစ်တွေကြောင့် ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေပြီး တာဝန်ရှိသူတွေရဲ့ ပေါ့လျော့မှုကိုလည်း ဝေဖန်နေကြပါတယ်။
ဇူလိုင် ၁ ရက်ကစလို့ နိုင်ငံခြားသံတမန်နဲ့ မိသားစုဝင်တွေ၊ စစ်လေယာဉ်တွေကို ထိုင်းနိုင်ငံအတွင်း ဝင်ခွင့်ပြုခဲ့ ပြီးနောက် ကျန်းမာရေးဌာနက နိုင်ငံခြားသံတမန်တွေကို အိမ်မှာပဲ Quarantine ၁၄ ရက်နေဖို့ ခွင့်ပြုထားပြီး ကျောင်းလာတက်နေတဲ့ နိုင်ငံတကာကျောင်းသားတွေကိုတော့ ကျောင်းကတာဝန်ယူထားရှိမယ့်နေရာတွေမှာ နေထိုင်ဖို့ သတ်မှတ်ထားတယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။
Ref: Coconuts Bangkok
You may also like these stories:
ဂျပန်က အမေရိကန်စစ်အခြေစိုက်စခန်းတွေမှာ COVID-19 ကူးစက်ခံရ
အမေရိကန်မှာ ကိုဗစ်ပါတီ တက်ရောက်သူတဦး သေဆုံး
ဖလော်ရီဒါမှာ တရက်အတွင်း ကိုဗစ် ကူးစက်ခံရသူ ၁၅၀၀၀ ကျော်ရှိ