အမေရိကန်နိုင်ငံမှာ COVID-19 ကူးစက်မှုနှုန်း မြင့်မားနေပေမယ့် လူအများစုအနေနဲ့ စည်းကမ်းချက်တွေကို လိုက်နာတာမျိုး မရှိကြသေးပါဘူး။ စည်းကမ်းလိုက်နာမှု မရှိတဲ့အပြင် ကိုဗစ်ပါတီလို့ ခေါ်တဲ့ ပါတီပွဲတွေကိုတောင် ကျင်းပနေကြပါသေးတယ်။
ကိုဗစ်ပါတီ ဆိုတာဟာ ရောဂါကူးစက်ခံထားရသူ တယောက် လူစုလူဝေးဖြစ်အောင် မိတ်ဆွေအပေါင်းအသင်းတွေကို ဖိတ်ခေါ်ပြီး ဗိုင်းရပ်စ်တကယ် ရှိ၊ မရှိ စမ်းသပ်ပြီး တဦးကနေတဦး ရောဂါကူးစက်ခြင်း ရှိ၊ မရှိ စမ်းသပ်လေ့ရှိတဲ့ ပါတီ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ရက်သတ္တပတ်တွေကစပြီး အမေရိကန်ရဲ့ ပြည်နယ်အများစုမှာ ကိုဗစ်ပါတီကို ကျင်းပလာကြပါတယ်။ ဒီလို စည်းကမ်းလိုက်နာမှု မရှိတဲ့အတွက်ကြောင့်လည်း အမေရိကန်မှာ ရောဂါကူးစက်မှုနှုန်း မြင့်တက်နေရတာပါ။
လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း အမေရိကန်နိုင်ငံမှာ ရောဂါကူးစက်သူ ၇၇၀၀၀ ကျော် ရှိခဲ့ပြီး သေဆုံးသူ အရေအတွက် ၁၀၀၀ အထိ မြင့်တက်လာခဲ့ပါတယ်။ အမေရိကန်နိုင်ငံမှာ ဇွန်လ ၁၀ နေ့က သေဆုံး သူအရေအတွက် ၉၆၉ ယောက်က အမြင့်ဆုံးစံချိန်ဖြစ်ပြီး အခုသေဆုံးမှုက မူလစံချိန်ကို ကျော်လွန်သွားခဲ့ပါတယ်။
တရက်အတွင်း သေဆုံးမှု အများဆုံးကတော့ ဖလော်ရီဒါ၊ တောင်ကာရိုလိုင်းနားနဲ့ တက္ကဆပ်ပါ။ လက်ရှိအချိန်မှာတော့ အမေရိကန်နိုင်ငံမှာ ကူးစက်ခံထားရသူ ၃ သန်းခွဲ ကျော်သွားခဲ့ပြီး သေဆုံးသူ ၁၄၀,၀၀၀ ကျော်သွားခဲ့ပါပြီ။ ကျွမ်းကျင်သူတွေကတော့ နောက်လအတွင်း အမေရိကန်နိုင်ငံမှာ သေဆုံးသူ ၁ သိန်းခွဲကျော် ရှိလာမယ်လို့ ဆိုပါတယ်။
သေဆုံးမှု အများဆုံးဖြစ်တဲ့ တက္ကဆက်နဲ့ အရီဇိုးနားမှာဆိုရင်လည်း သေဆုံးသူတွေကို ထားဖို့နေရာတွေတောင် မရှိတော့ပါဘူး။ အမေရိကန်မှာ ကူးစက်မှုနှုန်းများနေရတဲ့ အကြောင်းကတော့ စာသင်ကျောင်းတွေ စီးပွားရေးလုပ်ငန်းတွေကို ပြန်လည် ဖွင့်လှစ်တဲ့အတွက်ကြောင့် ဖြစ်သလို Mask တပ်ဆင်တာကို ဆန့်ကျင်နေတဲ့ အတွက်ကြောင့်ပါ။
ပြီးခဲ့တဲ့ သောကြာနေ့မှာတော့ အမေရိကန်နိုင်ငံမှာ ကူးစက်သူ ၆၉,၀၇၀ ယောက် ရှိခဲ့ရာကနေ ၇၇,၂၁၇ ယောက်အထိ မြင့်တက်လာခဲ့ပါတယ်။ ဇွန်လအတွင်း ပျမ်းမျှ လူပေါင်း ၂၈၀၀၀ နေ့စဉ် ရောဂါ ကူးစက်ခံခဲ့ရပါတယ်။ ဇူလိုင်လ အတွင်းမှာတော့ ပျမ်းမျှ လူပေါင်း ၅၇,၆၂၅ ယောက် နေ့စဉ် ရောဂါကူးစက်လာပါတယ်။
ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာတော့ တက္ကဆက်မှာ ၁၅၀၀၀ ယောက်၊ ဖလော်ရီဒါ မှာ ၁၄၀၀၀ ယောက်နဲ့ ကယ်လီဖိုးနီးယားမှာ ၁၀၀၀၀ နီးပါး ရောဂါကူးစက်ခံခဲ့ရပါတယ်။ ကမ္ဘာလုံးအတိုင်းအတာနဲ့ဆိုရင်တော့ လူပေါင်း ၁၄ သန်းနီးပါး ရောဂါကူးစက်ခံနေရပြီး ၆ သိန်းနီးပါး သေဆုံးခဲ့ပါတယ်။
Ref: CNA
You may also like these stories:
လူဦးရေ ၁၂၅ သန်းရှိတဲ့ ဘီဟာပြည်နယ်ကို Lockdown ပြန်ချ
ဘရာဇီးလ်တွင် ကိုဗစ် ကူးစက်ခံရသူ ၂ သန်းရှိပြီ
ထိုင်းမှာ စာသင်ကျောင်းတချို့ ပြန်ပိတ်