ဆယ်ကျော်သက်အရွယ် ငါးဖမ်းသမားကောင်လေးတဖွဲ့ရဲ့ ဇူလိုင်လ အစောပိုင်းကပဲ အမေရိကန်နိုင်ငံ၊ မိန်းပြည် နယ် ကမ်းရိုးတန်းမှာ ၇ နာရီကြာအောင် တူနာငါးကြီးတကောင် ဖမ်းနိုင်ခဲ့ပုံကို သူငယ်ချင်းတွေကြား ပြောစမှတ် တွင်နေပါပြီ။
အလေးချိန် ပေါင် ၇၀၀ လောက်ရှိတဲ့ တူနာငါးကြီးကို ၁၀ မိုင်လောက်ထိ အားကုန်ဆွဲကာ ဖမ်းဆီးခဲ့ရတဲ့ အကြောင်းကို အသက် ၁၇ နှစ်အရွယ် လှေပိုင်ရှင် Wyatt Morse က ပြောပြပါတယ်။ သူတို့တွေက ဒီငါးကြီးကို ပေါ့လန်းကမ်းရိုးတန်းနဲ့ မိုင် ၄၀ လောက်အကွာမှာ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။
“ကျနော်တို့ ၆ နာရီလောက်ထိ ဖမ်းမိနေတဲ့ငါးကို မမြင်ရသေးပါဘူး။ ရေအောက် ပေ ၃၀၀ လောက်မှာပဲ ရှိနေခဲ့ တာပါ။ ဒီငါးကြီးတွေက အလေးချိန်အရမ်းများမှန်းတော့ သိတယ်။ တကယ့်ကို မယုံနိုင်စရာပါပဲ” လို့ Morse က အဖြစ်အပျက်ကို ပြန်ပြောပြပါတယ်။
“ငါးတကောင်လုံး မမြင်ရသေးတာတောင် အရမ်းကြီးမယ်မှန်း ခန့်မှန်းမိတယ်။ ကျနော့်ဘဝမှာ ငါးဖမ်းအတွေ့ အကြုံတွေ အများကြီးရှိခဲ့တော့ ဆွဲလိုက်တာနဲ့ အလေးချိန်များမယ်မှန်း ခန့်မှန်းမိလိုက်တယ်” လို့ Morse က ပြောပါတယ်။
တူနာငါးဖမ်းအလုပ်ဟာ Morse ရဲ့ နွေရာသီအားလပ်ရက်အလုပ်ဖြစ်ပြီး ငါးဖမ်းရာသီဆို မကြာခဏ ပင်လယ် ဘက် ထွက်ဖမ်းလေ့ရှိပါတယ်။ အခုမိလာခဲ့တဲ့ တူနာငါးကြီးကတော့ Morse ငါးဖမ်းလှေအသစ်နဲ့ ပထမဆုံး ထွက်တဲ့နေ့ ဇူလိုင် ၁ ရက်က ဖမ်းမိခဲ့တာပါ။
သူနဲ့အတူ လှေမှာပါလာတဲ့ အသက် ၁၆ နှစ်အရွယ် Griffin Buckwalter ရိုက်ကူးထားခဲ့တဲ့ ဗီဒီယိုကို YouTube ပေါ် တင်လိုက်ရာက လူသိများလာခဲ့ကြတာပါ။ Buckwalter က ငါးဖမ်းဝါသနာပါသူဖြစ်ပေမယ့် တူနာငါးဖမ်း တာကို “Wicked Tuna” လို တီဗီအစီအစဉ်မျိုးမှာပဲ ကြည့်ခဲ့ဖူးသူပါ။
“ဒီငါးကို ၇ နာရီလောက်ကြာအောင် ဖမ်းခဲ့ရတာပါ။ ငါးကလည်း ကြီးလွန်းတော့ ချိတ်ကနေ ပြန်ရုန်းလိုက်၊ တခြား ဘက်ကို ဆွဲပြေးလိုက်နဲ့ လွတ်အောင်ပဲ အတင်းကိုရုန်းနေခဲ့တာ။ ဒါကြောင့် ကျနော်တို့လည်း တချိန်လုံး ဖမ်းဆွဲ ထားရတာ မနားရဘူး” လို့ Buckwalter က အတွေ့အကြုံကို ပြောပြသွားပါတယ်။
Buckwalter က မှတ်တမ်းဗီဒီယိုရိုက်လိုက်၊ Morse နဲ့ နောက်ထပ် ငါးဖမ်းအကူ အသက် ၁၆ နှစ်အရွယ် Martin Scanlan ကိုကူညီလိုက် လုပ်ပေးခဲ့ရပါတယ်။ Morse ပြောပုံအရ Scanlan ဆိုရင် လက်အံသေသွားလို့ နောက် တယောက်နဲ့ နေရာလဲပြီး နားခဲ့ရတာလို့ ဆိုပါတယ်။
“နောက်ဆုံး ငါးကို ဆွဲလိုက်နိုင်ချိန်မှာ ဒီလောက်ကြီးထိ အရွယ်အစားရှိလိမ့်မယ် မထင်ခဲ့ဘူး” လို့ Buckwalter က ပြောပြပါတယ်။ သူတို့အဖွဲ့ ပေါင် ၇၀၀ လောက် အလေးချိန်ရှိတဲ့ တူနာငါးကြီးကို ဒေါ်လာ ၂,၀၀၀ နဲ့ ပြန်ရောင်းချခဲ့ပါတယ်။ အရှည် ၁၁၀ လက်မရှိပြီး ဗိုက်ထဲက အူတွေ၊ ခေါင်းနဲ့ အမြီးဖြတ်ပြီးချိန်မှာ ပေါင် ၅၅၀ လောက်ရှိနေသေးတယ် လို့ ဝယ်သွားတဲ့ ဒေသခံငါးလုပ်ငန်းကုမ္ပဏီက ဆိုပါတယ်။
အခုတော့ Buckwalter တယောက် Morse နဲ့ Scanlan တိုနဲ့အတူ ငါးဖမ်းအမြဲလိုက်ထွက်နေပါပြီ။ “ဒီငါးကြီးမိပြီး ကတည်းက တပတ်ကို ငါးရက်လောက် ငါးဖမ်းထွက်ဖြစ်နေတယ်” လို့ Buckwalter က ပြောပြသွားပါတယ်။
Ref: edition.cnn