ဥရောပနိုင်ငံတွေမှာ မဖြစ်မနေ Mask တပ်ကြဖို့ စည်းမျဉ်းထုတ်ပြန်
ဗြိတိန်နဲ့ ပြင်သစ်ခေါင်းဆောင်တွေဟာ ကိုရိုနာဗိုင်းရပ်စ် နောက်ထပ် ပျံ့နှံ့လာမှာကို ထိန်းချုပ်ဟန့်တားတဲ့အနေနဲ့ အများပြည်သူသွားလာရာနေရာ အလုံပိတ်အခန်းတွေမှာ မဖြစ်မနေ နှာခေါင်းစည်း Mask တပ်ကြဖို့ သတ်မှတ်လိုက်ပါတယ်။
ယူကေအစိုးရဟာ ဇူလိုင် ၂၄ ရက်ကစလို့ ဈေးဆိုင်တွေထဲမှာ Mask တပ်ရမယ့် ဥပဒေကို ပြဌာန်းအတည်ပြုတော့မှာပါ။ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က အလုံပိတ်အခန်းတွေထဲမှာ မျက်နှာကာ ဖုံးအုပ်ထားတာဟာ တကယ်ပဲ အကျိုးရှိတယ်လို့ သိပ္ပံနည်းကျ လေ့လာသုံးသပ်ချက်တွေပေါ် အခြေခံပြီး ပြောပြသွားခဲ့ပါတယ်။
“ကျနော်တို့ အဆိုးဆုံး အခြေအနေတွေကနေ မလွန်မြောက်သေးပါဘူး။ ဖြစ်နိုင်ရင် အတတ်နိုင်ဆုံး ဗိုင်းရပ်စ် ကူးစက်မှုကို အကောင်းဆုံး ကိုင်တွင်နိုင်ပြီး နွေရာသီကို ဘေးကင်းကင်းနဲ့ ကုန်လွန်သွားစေချင်ပါတယ်” လို့ ကျန်းမာရေးဝန်ကြီး Matt Hancock က ဆိုပါတယ်။
Duchy of Lancaster အကြီးအကဲ Michael Gove ရဲ့ နှာခေါင်းစည်း Mask ကို မဖြစ်မနေ တပ်ရမယ့် စည်းမျဉ်းချမှတ်စရာ မလိုဘူးလို့ ပြောဆိုခဲ့ပြီးနောက် ဗြိတိန်အစိုးရပိုင်းကို တော်တော်များများက ဝေဖန်ခဲ့ကြပါတယ်။
လက်ရှိမှာတော့ နိုင်ငံတော်တော်များများမှာ ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်း ထပ်မံဖြစ်ပေါ်လာမှာကို စိုးရိမ်တာကြောင့် အလုံပိတ် Indoor အခန်းထဲမှာ မဖြစ်မနေ Mask တပ်ဖို့ စဉ်းစားလာကြပါပြီ။ Mask တပ်တာဟာ တယောက်နဲ့ တယောက် ကူးစက်မှုတွေကို လျှော့ချနိုင်တယ်လို့ လေ့လာချက်တွေ ထွက်ပေါ်လာပြီးနောက်မှာ အကာအကွယ်တခုအဖြစ် မဖြစ်မနေ တပ်ကြဖို့ တိုက်တွန်းလာတာပါ။
ပြင်သစ်သမ္မတ Emmanuel Macron က သြဂုတ်လ ၁ ရက်က စလို့ Indoor နေရာတွေမှာ ရောဂါကာကွယ် ထိန်းချုပ်ရေး အစီအမံအရ မဖြစ်မနေ Mask တပ်ဆင်ဖို့ သတ်မှတ်တော့မယ့်အကြောင်းကို တီဗီအင်တာဗျူးတခုမှာ ပြောပြသွားခဲ့ပါတယ်။
“ကျနော် ပြည်သူတွေကို အကြံပေးချင်ပါတယ်။ အလုံပိတ်နေရာတွေနဲ့ အိမ်ပြင်ထွက်မယ်ဆိုရင် အတတ်နိုင်ဆုံး Mask တပ်ဖို့ တိုက်တွန်းချက်ကို လိုက်နာစေချင်တယ်” လို့ သမ္မတ Macron ပြောပြခဲ့ပါတယ်။ အထူးသဖြင့် အများပြည်သူ ပို့ဆောင်ရေးယာဉ်တွေပေါ်မှာ Mask တပ်တာဟာ တကယ့်ကို ထိရောက်မှု ရှိတယ်လို့ ဆိုပါတယ်။
ပြင်သစ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူအရေအတွက် ကျဆင်းသွားတာကြောင့် ပြည်သူတွေဟာ လိုက်နာရမယ့် စည်းကမ်းတွေ အားနည်းလာလို့ အစိုးရဘက်က ပြန်လည်တင်းကြပ်ဖို့ စဉ်းစားနေပါတယ်။ ပြင်သစ်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူပေါင်း ၃ သောင်းကျော် သေဆုံးခဲ့ရပါတယ်။
ဒါ့ပြင် တခြားဥရောပနိုင်ငံတွေဖြစ်တဲ့ စပိန်နဲ့ ဂျာမနီနိုင်ငံတွေမှာလည်း ဗိုင်းရပ်စ် ကူးစက်မှုကို ကာကွယ်ဖို့အတွက် နှာခေါင်းစည်း Mask မဖြစ်မနေ တပ်ကြဖို့ စည်းမျဉ်းတွေ ထုတ်ပြန်လာရပါတယ်။
Ref: euronews
You may also like these stories:
နိုင်ငံခြားသားလုပ်ငန်းရှင်တွေကို ဖိလစ်ပိုင် ပြည်ဝင်ခွင့်ပြန်ပေးမည်
အမေရိကန်မှာ တရက်အတွင်း လူပေါင်း ၇၇၀၀၀ ကျော် ရောဂါ ကူးစက်
လူဦးရေ ၁၂၅ သန်းရှိတဲ့ ဘီဟာပြည်နယ်ကို Lockdown ပြန်ချ