မကာအိုအစိုးရအနေနဲ့ ပြည်မကြီးက လာရောက်တဲ့ အလုပ်သမားတွေအတွက် Quarantine ၁၄ ရက် ဝင်ရမယ့် စည်းကမ်းကို ပယ်ဖျက်လိုက်တယ်လို့ သိရပါတယ်။ မကာအိုအစိုးရဟာ COVID-19 ရောဂါ စတင်ဖြစ်ပွားပြီးနောက်ပိုင်း ပြည်မကြီးကနေ လာရောက်တဲ့ အလုပ်သမားတွေအားလုံးကို Quarantine ၁၄ ရက် ဝင်ဖို့ သတ်မှတ်ထားပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကစပြီး ပြည်မကြီးက လာရောက်တဲ့ အလုပ်သမားတွေ Quarantine ဝင်ရမယ့် စည်းကမ်းကို ရုတ်သိမ်းလိုက်ကြောင်း မကာအိုအစိုးရ သတင်းအချက်အလက် ဗျူရိုက ကြေညာခဲ့ပါတယ်။
မကာအိုနည်းတူ ဂွမ်ဒေါင်းအစိုးရကလည်း ပြည်မကြီးနဲ့ မကာအိုက လာရောက်သူတွေအတွက် Quarantine ဝင်ရမယ့် စည်းမျဉ်းကို ပယ်ဖျက်ပေးခဲ့ပါတယ်။ မကာအိုမှာ COVID-19 ကူးစက်သူ ၄၆ ယောက်သာရှိခဲ့ပြီး COVID-19 ကြောင့် လူသေဆုံးမှုလည်း မရှိခဲ့ပါဘူး။
ကိုဗစ်စတင် ဖြစ်ပွားပြီးနောက်ပိုင်းမှာတော့ ဖေဖော်ဝါရီ ၂၀ ရက်နေ့ကစပြီး ပြည်မကြီးက လာရောက်တဲ့ အလုပ်သမားတွေအနေနဲ့ မကာအိုကို မလာရောက်ခင် Zhuhai ကျန်းမာရေး အာဏာပိုင်အဖွဲ့က ထုတ်ပေးတဲ့ COVID-19 ကင်းရှင်းကြောင်း ကျန်းမာရေး ထောက်ခံစာပြဖို့ လိုအပ်ပါတယ်။ ကိုဗစ် ကင်းရှင်းကြောင်း ကျန်းမာရေး ထောက်ခံစာပြနိုင်သူတွေကိုသာ မကာအိုကို ဝင်ရောက်ခွင့်ပြုခဲ့ပါတယ်။
ကိုဗစ်ကာလအတွင်း ပြည်မကြီးကနေ မကာအိုကို လာရောက်သူတွေအနေနဲ့ Zhuhai ကျန်းမာရေးအာဏာပိုင်အဖွဲ့က ထုတ်ပေးတဲ့ COVID-19 ကင်းရှင်းကြောင်း ထောက်ခံစာ မပြခဲ့ရင် Quarantine ဝင်ခိုင်းသလို လေကြောင်းကနေ လာရောက်သူတွေလည်း Quarantine ဝင်ခိုင်းခဲ့ပါတယ်။
မေလ ၁၁ ရက်နေ့ကစပြီး Zhuhai နဲ့ မကာအိုကြား ပြည်မကြီးက လာရောက်တဲ့ အလုပ်သမားတွေနဲ့ ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို ပထမဆုံးအကြိမ် ဖြေလျှော့ပေးခဲ့ပါတယ်။
မကာအို အစိုးရအနေနဲ့ ပြည်မကြီးက လာရောက်တဲ့ အလုပ်သမားတွေကို ဝင်ရောက်ခွင့်ပြုထားပေမယ့် နိုင်ငံခြားသား အလုပ်သမားတွေကိုတော့ ဝင်ရောက်ခွင့် ပိတ်ပင်ထားဆဲပဲလို့ သိရပါတယ်။
Ref: macaunews
You may also like these stories:
ဥရောပနိုင်ငံတွေမှာ မဖြစ်မနေ Mask တပ်ကြဖို့ စည်းမျဉ်းထုတ်ပြန်
နိုင်ငံခြားသားလုပ်ငန်းရှင်တွေကို ဖိလစ်ပိုင် ပြည်ဝင်ခွင့်ပြန်ပေးမည်
အမေရိကန်မှာ တရက်အတွင်း လူပေါင်း ၇၇၀၀၀ ကျော် ရောဂါ ကူးစက်