Trend

တောင်ကိုရီးယား စီးပွားရေးလုပ်ငန်းရှင်များ ဗီယက်နမ်သို့ လာရောက်

ဗီယက်နမ်နိုင်ငံအနေနဲ့ COVID-19 ရောဂါကို ထိန်းချုပ်ပြီးနောက်ပိုင်း နိုင်ငံတချို့နဲ့ စီပွားရေးလုပ်ငန်းတွေ ပြန်လည် စတင်နိုင်ဖို့ ဆောင်ရွက်နေပါတယ်။

သြဂုတ်လအထိ တောင်ကိုရီးယားနိုင်ငံက စီးပွားရေး လုပ်ငန်းရှင်ပေါင်း ၁၅၀၀ ကျော်လောက် စင်းလုံးငှားလေယာဉ်တွေနဲ့ ဗီယက်နမ်နိုင်ငံကို လာရောက်ဖို့ ရှိနေပါတယ်။ တောင်ကိုရီးယားနိုင်ငံသား တချို့လည်း ဗီယက်နမ်နိုင်ငံကို ရောက်ရှိနေကြပြီလို့ သိရပါတယ်။

တောင်ကိုရီးယားနိုင်ငံရဲ့ ကုန်သွယ်ရေး၊ စက်မှုနဲ့ စွမ်းအင်ဝန်ကြီးဌာနရဲ့သတင်းရင်းမြစ်ကို ကိုးကားပြီး ကုမ္ပဏီ ၂၄၀ က လူပေါင်း ၅၇၀ ယောက် ဒီကနေ့မှာ ဗီယက်နမ်နိုင်ငံကို ရောက်ရှိမယ်လို့ ဗီယက်နမ်သတင်းအေဂျင်စီက ဖော်ပြထားပါတယ်။ သြဂုတ်လအထိ စီးပွားရေးလုပ်ငန်းရှင် ၁၅၀၀ ကျော် ဗီယက်နမ်နိုင်ငံကို လာရောက်ဖို့ မျှော်လင့်ရပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာတော့ တောင်ကိုရီးယားနိုင်ငံ အင်ချုန်းမြို့က ကျွမ်းကျင်ပညာရှင်၊ မန်နေဂျာနဲ့ အဆင့်မြင့် နည်းပညာဝန်ထမ်းပေါင်း ၁၀၁ ယောက် ဒေါ်လာ ဘီလီယံနဲ့ ချီတဲ့ စီမံကိန်းလုပ်ငန်းတွေကို  လုပ်ဆောင်နိုင်ဖို့ ဗီယက်နမ်နိုင်ငံ တောင်ပိုင်းပြည်နယ် Kien Giang မှာရှိတဲ့ Phu Quoc ကို လာရောက်ခဲ့ပါတယ်။ Phu Quoc ဟာ ဗီယက်နမ်နိုင်ငံမှာ ကြီးမားတဲ့ ကျွန်းတကျွန်းလည်း ဖြစ်ပါတယ်။

အစောပိုင်းရက်တွေကလည်း နည်းပညာ ကုမ္ပဏီတွေဖြစ်တဲ့ Samsung နဲ့ LG က ကျွမ်းကျင်ပညာရှင်တွေဟာ အထူးလေယာဉ်တွေနဲ့ ဗီယက်နမ်နိုင်ငံကို လာရောက်ခဲ့ပါတယ်။ ဗီယက်နမ်နိုင်ငံကို ရောက်ရှိလာတဲ့ တောင်ကိုရီးယားနိုင်ငံသားတွေ အားလုံး မဖြစ်မနေ Quarantine ၁၄ ရက် ဝင်ရပါတယ်။

ဗီယက်နမ်နိုင်ငံအနေနဲ့ COVID-19 ရောဂါ စတင် ပြန့်ပွားပြီးနောက်ပိုင်း မတ်လ ၂၅ ရက်ကတည်းက  နိုင်ငံတကာလေကြောင်းလိုင်းတွေ အားလုံးကို ယာယီရပ်ဆိုင်းထားခဲ့ပါတယ်။

COVID-19 ကာလအတွင်း ဗီယက်နမ်နိုင်ငံသား၊ နိုင်ငံခြားသံတမန်တွေနဲ့ စွမ်းဆောင်ရည် မြင့်မားတဲ့ ကျွမ်းကျင်ပညာရှင်တွေကိုသာ ပြည်ဝင်ခွင့်ပြုခဲ့ပါတယ်။ ပြည်တွင်း ဝင်ရောက်လာသူ အားလုံးကိုလည်း Quarantine ၁၄ ရက် ဝင်စေပါတယ်။

COVID-19 ရောဂါ စတင်ခဲ့တဲ့ အချိန်ကာလကနေ လက်ရှိအချိန်အထိ တောင်ကိုရီးယားနိုင်ငံသား ၄၃၀၀ ယောက်ကို အထူးခွင့်ပြုချက်နဲ့ ဗီယက်နမ်နိုင်ငံကို ပြည်ဝင်ခွင့်ပေးခဲ့ပြီး စီးပွားရေးလုပ်ငန်းအပါအဝင် အခြားလုပ်ငန်းတွေမှာ ဝင်ရောက် လုပ်ကိုင်စေခဲ့ပါတယ်။

ဗီယက်နမ်နိုင်ငံအတွက်တော့ တောင်ကိုရီးယားနိုင်ငံဟာ ပဉ္စမမြောက် ရင်းနှီးမြှုပ်နှံမှု အကြီးမားဆုံး နိုင်ငံဖြစ်ပြီး ပထမ ၆ လပတ်အတွင်း ဒေါ်လာ ၅၄၅ သန်းနီးပါး ရင်းနှီးမြှုပ်နှံထားပါတယ်။

Ref: e.vnexpress.net

You may also like these stories:

ဇူလိုင်လကုန်အထိ ကနေဒါကို လာရောက်ခွင့်မပေး

အာရှခရီးသွားတွေကြောင့် ပိုမို အောင်မြင်လာတဲ့ ဗီယက်နမ် ခရီးသွားလုပ်ငန်း

Loading