ဘရာဇီးသမ္မတ ဘိုဆိုနာရို COVID-19 ရောဂါ ကူးစက်ခံရပြီးနောက်ပိုင်း ဘရာစီးလျားမြို့တော်မှာရှိတဲ့ သူ့ရုံးခန်းမှာ ရက်သတ္တပတ် ၂ ပတ်ကြာ သီးခြားခွဲနေထိုင်ခဲ့ပြီး တတိယအကြိမ် ဆေးစစ်ရာမှာလည်း ရောဂါ မပျောက်ကင်းသေးဘူးလို့ သိရပါတယ်။
သမ္မတကို ကုသပေးနေတဲ့ ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းကတော့ သမ္မတရဲ့ ကျန်းမာရေး အခြေအနေက ကောင်းမွန်နေတယ်လို့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။ သမ္မတရဲ့အကြံပေးပုဂ္ဂိုလ်က ပြင်သစ်သတင်းအေဂျင်စီ (AFP) ကို ပြောကြားချက်အရ မကြာခင်ရက် ပိုင်းအတွင်း သမ္မတဖြစ်သူဟာ Bahia နဲ့ Piaui ပြည်နယ်တွေကို သွားရောက်ဖို့ စီစဉ်ထားကြောင်း သိရပါတယ်။
သမ္မတဖြစ်သူ ဘိုဆိုနာရိုက သူအပါအဝင် ရောဂါကူးစက်ခံနေရတဲ့ အခြားဝန်ကြီး ၄ ဦးတို့ဟာ ဟိုက်ဒရိုစီကလိုရိုကွင်းနဲ့ ဆေးဝါးကုသမှု ခံယူနေတယ်လို့ ပြောကြားခဲ့ပါတယ်။ သမ္မတ ကုသမှု ခံယူနေတဲ့ ဟိုက်ဒရိုစီကလိုရိုကွင်းဆေးဟာ COVID-19 ကို ကုသပေးနိုင်တဲ့ အထောက်အထား မရှိတဲ့အတွက် သိပ္ပံပညာရှင်တွေက အသုံးမပြုဖို့ သတိပေးနေတဲ့ဆေးလည်း ဖြစ်ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း ဟိုက်ဒရိုစီကလိုရိုကွင်းနဲ့ COVID-19 ကုသမှုကို ရပ်တန့်ဖို့ သတိပေးထားပါတယ်။ ဒါပေမဲ့လည်း ဘရာဇီးသမ္မတဖြစ်သူဟာ ဒီဆေးကို အစဉ်တစိုက် ထောက်ခံခဲ့ပြီး ဆေးလောကရဲ့ ထောက်ခံချက် မရှိလည်း လူနာတွေက သဘောတူလက်ခံနေသမျှ ဟိုက်ဒရိုစီကလိုရိုကွင်းကို သုံးစွဲလို့ရတယ်လို့ Twitter မှာ ရေးသားခဲ့ပါတယ်။
ကျန်းမာရေး စီမံခန့်ခွဲမှု ညံ့ဖျင်းတဲ့အတွက်ကြောင့်လည်း ဘရာဇီးသမ္မတဟာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ Mask တပ်ဆင်ဖို့နဲ့ Social distancing ကိုလိုက်နာဖို့ စည်းကမ်းချက်တွေကိုလည်း မျက်ကွယ်ပြုခဲ့ပြီး ကျန်းမာရေးဝန်ကြီး ၂ ဦးကိုလည်း အလုပ်က ထုတ်ပစ်ခဲ့ပါတယ်။
လက်တင်အမေရိကနိုင်ငံတွေမှာဆိုရင် ဘရာဇီးနိုင်ငံဟာ ကိုဗစ် ကူးစက်မှု အများဆုံးနိုင်ငံဖြစ်ပြီး လူပေါင်း၂ ဒဿမ ၂ သန်းကျော် ရောဂါကူးစက်ခံနေရပါတယ်။ သေဆုံးသူအရေအတွက် ၈၂၀၀၀ ကျော်ရှိနေပြီး ကမ္ဘာပေါ်မှာ ဒုတိယကူးစက်မှု အများဆုံးနိုင်ငံလည်း ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဘရာဇီးမှာ ကိုဗစ် ကူးစက်သူ အရေအတွက် ၄၁,၀၀၀ ကျော်ရှိခဲ့ပြီး ၁,၃၆၇ ယောက် သေဆုံးခဲ့ပါတယ်။ ဒီအချက်အလက်တွေဟာ ဖော်ပြထားတဲ့ မှတ်တမ်းတွေအရသာ ဖြစ်ပြီး ကူးစက်မှုနဲ့ လူသေဆုံးမှုက ဖော်ပြထားတာထက် ပိုများနိုင်ပါတယ်။
Ref: dailytrust, voanews
You may also like these stories:
၃ လအတွင်း ကိုဗစ်ကာကွယ်ဆေး လိုချင်ကြောင်း အင်ဒိုနီးရှား သမ္မတပြော