ဖိလစ်ပိုင်နိုင်ငံမှာ ဇွန်လကစပြီး ကန့်သတ်မှုတွေကို ပြန်လည် ဖြေလျှော့ပေးခဲ့ပါတယ်။ ကန့်သတ်မှုတွေကို ဖြေလျှော့ပေးပြီးနောက်ပိုင်းမှာတော့ ရောဂါကူးစက်သူနဲ့ သေဆုံးသူ အရေအတွက်က ပိုပြီး များပြားလာခဲ့ပါတယ်။
ဒါကြောင့်လည်း ဖိလစ်ပိုင်သမ္မတ ဒူတာတေးက Mask မတပ်ဆင်သူတွေကို ဖမ်းဆီးမယ်ဆိုပြီး ခြိမ်းခြောက် ပြောဆိုခဲ့ပြီးတဲ့နောက်မှာတော့ ကိုဗစ် စမ်းသပ် စစ်ဆေးမှုတွေကို အရှိန်တိုးမြှင့်ပြီးဆောင်ရွက်နေတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ဖိလစ်ပိုင်အစိုးရအနေနဲ့ တရက်ကိုလူပေါင်း ၂၀၀၀၀ နဲ့ ၂၃၀၀၀ ကြား ကိုဗစ် စမ်းသပ်စစ်ဆေးပေးနေပြီး ၃၂၀၀၀ နဲ့ ၄၀၀၀၀ ကြားအထိ စမ်းသပ်စစ်ဆေးပေးနိုင်ဖို့ ရည်ရွယ်ထားကြောင်း ဖိလစ်ပိုင် ကျန်းမာရေးဆိုင်ရာ အတွင်းရေးမှူး Francisco Duque က သမ္မတ ဒူတာတေးနဲ့ ရုပ်မြင်သံကြား အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာ လူပေါင်း ၁ ဒဿမ ၁ သန်းနီးပါးကို ကိုဗစ် စစ်ဆေးပေးနိုင်ခဲ့ပြီး ၁၀ သန်းနီးပါး စစ်ဆေးပေးနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ လာမယ့် ဒုတိယ သုံးလပတ်အတွင်း နိုင်ငံလူဦးရေရဲ့ ဆယ်ပုံတပုံကို ဗိုင်းရပ်စ် စမ်းသပ် စစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ Duque က ပြောပါတယ်။
တဆက်တည်းမှာပဲ သူက “ကျနော်တို့အနေနဲ့ နိုင်ငံသားတိုင်းကို ဗိုင်းရပ်စ်ရှိ၊ မရှိ မစစ်ဆေးပေးနိုင်ပါဘူး။ ချမ်းသာတယ်ဆိုတဲ့ အမေရိကန်လို နိုင်ငံမျိုးတောင် လူတိုင်းကို ဗိုင်းရပ်စ် မစစ်ဆေးပေးနိုင်ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။
အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ အင်ဒိုနီးရှားနိုင်ငံပြီးရင် ဖိလစ်ပိုင်နိုင်ငံက ကိုဗစ် ကူးစက်မှုနဲ့ လူသေဆုံးမှု အများဆုံးနိုင်ငံပါ။ ဇွန်လမှာ Lockdown ဖြေလျှော့ပေးပြီး နောက်ပိုင်းမှာတော့ ဖိလစ်ပိုင်နိုင်ငံမှာ ကူးစက်သူ အရေအတွက် ၄ ဆ တက်သွားပြီး သေဆုံးသူ အရေအတွက်ကလည်း ၂ ဆ နီးပါးတက်သွားခဲ့ပါတယ်။ ဒါကြောင့်လည်း ကူးစက်မှုနှုန်း မြင့်တက်နေတဲ့ ဒေသတွေကို Lockdown ပြန်ချခဲ့ရပါတယ်။
ကပ်ရောဂါဆိုးကို အဆိုးရွားဆုံး ခံစားနေရတဲ့ နိုင်ငံ ၃၀ စာရင်မှာ ဖိလစ်ပိုင်နိုင်ငံက နံပါတ် ၂၄ နေရာမှာရှိနေပါတယ်။ ဒါကြောင့်လည်း ဒူတာတေးက Mask မတပ်သူတွေနဲ့ Social distancing စည်းကမ်း မလိုက်နာသူတွေကို ဖမ်းဆီးမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။
ဧပြီလအတွင်းကလည်း Lockdown စည်းကမ်းချိုးဖောက်သူတွေဟာ ပစ်သတ်ခံရနိုင်တယ်လို့ ဒူတာတေးက ခြိမ်းခြောက် ပြောဆိုခဲ့ပါသေးတယ်။ စည်းကမ်းချိုးဖောက်သူတွေဟာ ကိုဗစ်ရောဂါကို ပြန့်ပွားအောင် လုပ်နေတဲ့သူတွေဖြစ်တဲ့အတွက် ကြီးလေးတဲ့ ရာဇဝတ်မှုကို ကျူးလွန်နေကြသူတွေ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီလိုလူမျိုးတွေကို ဖမ်းဆီးဖို့ နှောင့်နှေးနေမှာ မဟုတ်ဘူးလို့ အင်္ဂါနေ့က ဒူတာတေး ပြောကြားခဲ့တဲ့ မိန့်ခွန်းမှတ်တမ်းမှာ ဖော်ပြထားပါတယ်။
Mask မတပ်လို့ ရဲစခန်းရောက်လာသူတွေဟာ တချိန်လုံး အပြစ်ပေးခံနေမှာဖြစ်လို့လည်း ဒူတာတေး က ပြောကြားခဲ့ပါသေးတယ်။
Ref: Reuters
You may also like these stories:
ဘရာဇီးသမ္မတ တတိယအကြိမ် ဆေးစစ်တဲ့အထိ ကိုဗစ် မပျောက်သေး
တောင်ကိုရီးယား စီးပွားရေးလုပ်ငန်းရှင်များ ဗီယက်နမ်သို့ လာရောက်
မကာအိုမှာ Quarantine ဝင်ရမယ့် စည်းကမ်း ပယ်ဖျက်