COVID-19 ကာလအတွင်းမှာ Mask က နေ့စဉ်လူမှုဘဝမှာ မရှိမဖြစ် လိုအပ်တဲ့အရာတခု ဖြစ်လာပါတယ်။ နိုင်ငံအများစုအနေနဲ့ မဖြစ်မနေ Mask တပ်ဖို့ ညွှန်ကြားချက် ထုတ်ပြန်ထားပေမယ့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ Mask တပ်ဖို့ ညွှန်ကြားသွားမှာ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာတော့ မလေးရှားအစိုးရက အများပြည်သူ သယ်ယူပို့ဆောင်ရေးယာဉ်တွေနဲ့ လူစုလူဝေးထဲ သွားတဲ့အခါ မဖြစ်မနေ Mask တပ်ဆင်ရမယ်လို့ ညွှန်ကြားထားပါတယ်။
မလေးရှားနိုင်ငံမှာ COVID-19 ကူးစက်မှုနှုန်း နေ့စဉ်မြင့်တက်နေတဲ့အတွက် သြဂုတ်လ ၁ ရက်နေ့ ကစပြီး Mask မတပ်သူတွေကို ဒဏ်ငွေရိုက်သွားမယ်လို့ သိရပါတယ်။ မလေးရှားနိုင်ငံရဲ့ ကာကွယ်ရေးဝန်ကြီးဖြစ်သူ အစ္စမေးလ်ဆာဘရီကလည်း မကြာသေးခင်အချိန်ကစပြီး မလေးရှားနိုင်ငံမှာ COVID-19 ကူးစက်မှုနှုန်းက အနည်းငယ်မြင့်တက်လာခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
ကျန်းမာရေး ဝန်ကြီးဌာနရဲ့အစီရင်ခံစာမှာလည်း မလေးရှားနိုင်ငံမှာနေထိုင်သူတွေဟာ Social distancing စည်းကမ်းကို လိုက်နာဖို့ အားနည်းနေသေးတယ်လို့ ဖော်ပြထားပါတယ်။ အထူးသဖြင့်ကတော့ အများသုံး သယ်ယူပို့ဆောင်ရေးယာဉ်တွေကို အသုံးပြုတဲ့အခါနဲ့ လူစည်ကားတဲ့နေရာတွေကိုသွားရောက်တဲ့အခါမျိုးတွေမှာ ပိုပြီး အားနည်းနေသေးတယ်လို့ ဖော်ပြထားပါတယ်။
အရှေ့တောင်အာရှနိုင်ငံတွေမှာ လူအများစုက အများသုံး သယ်ယူပို့ဆောင်ရေးယာဉ်တွေကို နေ့စဉ် အသုံးပြုနေကြရပါတယ်။ တကယ်တော့ မလေးရှားတနိုင်ငံတည်းသာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာလည်း အများသုံး သယ်ယူပို့ဆောင်ရေးယာဉ်တွေကို နေ့စဉ်အသုံးပြုနေကြတဲ့သူတွေ ထောင်ပေါင်း များစွာ ရှိနေပါတယ်။ မြန်မာနိုင်ငံမှာလည်း Social distancing စည်းကမ်းကို အပြည့်အဝ အကောင် အထည် မဖော်နိုင်သေးပါဘူး။
မလေးရှားအစိုးရက ထုတ်ပြန်ထားတဲ့ “Mask မတပ်ဘဲ အပြင်မထွက်ရ” စည်းကမ်းချိုးဖောက်သူတွေကို အမေရိကန် ဒေါ်လာ ၂၃၅ ဒေါ်လာ ဒဏ်ရိုက်သွားမယ်လို့ ကာကွယ်ရေးဝန်ကြီး အစ္စမေးလ်က ပြောပါတယ်။ ဇန်နဝါရီလအတွင်း COVID-19 ပထမဆုံး ကူးစက်လူနာကို မလေးရှားနိုင်ငံမှာ တွေ့ရှိခဲ့ပေမယ့် အစိုးရအနေနဲ့ မဖြစ်မနေ Mask တပ်ရမယ်လို့ ပြဋ္ဌာန်းချက် မထုတ်ပြန်ခဲ့ပါဘူး။
Mask ကို တရက်တကြိမ် အသစ်လဲပေးရပါတယ်။ တရက်တကြိမ် အသစ်လဲပေးရတာ ဖြစ်တဲ့အတွက် ဆင်းရဲသားတွေကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်လို့ Mask မတပ်မနေရ ဥပဒေ မပြဋ္ဌာန်းခဲ့တာလို့ ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။ ဒါပေမယ့်လည်း နေ့စဉ်ကူးစက်မှုနှုန်းက မြင့်တက်နေတဲ့အတွက် မလေးရှားအစိုးရက Mask မတပ်မနေရ ဥပဒေကို ပြဋ္ဌာန်းခဲ့ရပါတယ်။
တချိန်တည်းမှာပဲ မလေးရှားအစိုးရက အရင်ရောင်းနေတဲ့ ဈေးနှုန်း ၁ ဒဿမ ၅၀ ရင်းဂစ်ကနေ ၁ ဒဿမ ၂၀ ရင်းဂစ်အထိ လျှော့ချနိုင်ဖို့ ကြိုးစားနေတဲ့အပြင် သြဂုတ်လ ၁၅ ရက်နေ့ကစပြီး ဈေးနှုန်းသက်သက်သာသာနဲ့ ထုတ်လုပ်နိုင်အောင် ကြိုးစားနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ကူးစက်လူနာသစ် ၉ ယောက် ထပ်မံတွေ့ရှိခဲ့တဲ့အတွက် မလေးရှားနိုင်ငံမှာ လူပေါင်း ၈,၈၄၀ ယောက် ရောဂါကူးစက်ခံနေရပြီး ၁၂၃ ယောက် သေဆုံးခဲ့ပါတယ်။
Ref: chiangraitimes
You may also like these stories:
Mask မတပ်သူများအား ဖမ်းဆီးအပြစ်ပေးမည်ဟု ဖိလစ်ပိုင်သမ္မတ ပြောကြား
ဘရာဇီးသမ္မတ တတိယအကြိမ် ဆေးစစ်တဲ့အထိ ကိုဗစ် မပျောက်သေး
တောင်ကိုရီးယား စီးပွားရေးလုပ်ငန်းရှင်များ ဗီယက်နမ်သို့ လာရောက်