တောင်အာဖရိကနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်မှု များလာတာကြောင့် ကိုရိုနာဗိုင်းရပ်စ်နဲ့ တခြား ရောဂါဘယတွေကြောင့် သေဆုံးသူ အရေအတွက်ဟာ အရင် ထုတ်ပြန်ချက်တွေထက် ၂ ဆကျော်နီးပါး မြင့်တက်ခဲ့ပါတယ်။
ထုတ်ပြန်ချက်တွေအရ မေ ၆ ရက်ကနေ ဇူလိုင် ၁၄ ရက်ထိ တောင်အာဖရိကနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၆,၀၀၀ ကျော်အပါအဝင် သေဆုံးသူ အရေအတွက် ၁၇,၀၀၀ ကျော်ထိ မြင့်တက်သွားတယ်လို့ ဇူလိုင် ၂၂ ရက်နေ့က တောင်အာဖရိက ဆေးပညာဆိုင်ရာ သုတေသနကောင်စီ (SAMRC) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
SAMRC ရဲ့ ဥက္ကဋ္ဌဖြစ်သူ Glenda Gray က အခုလို သေဆုံးသူ အရေအတွက် တိုးမြင့်လာခြင်းက HIV ဒါမှမဟုတ် တီဘီရောဂါအခံ ရှိသူတွေကြောင့်လည်း ပိုများလာတယ်လို့ ဆိုပါတယ်။ ဇူလိုင်လ ဒုတိယပတ်မှာ သေဆုံးသူဟာ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း ရောဂါဘယကြောင့် သေဆုံးသူ အရေအတွက်ထက် ၅၉ ရာခိုင်နှုန်း ပိုများလာတယ်လို့ ဆိုပါတယ်။
ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေရဲ့ ခန့်မှန်းချက်အရ တောင်အာဖရိကနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၄၀၀,၀၀၀ ကျော်သွားချိန်မှာ ပြည်သူတွေဟာ ဆေးရုံ ဆေးခန်းတွေ သွားပြီး ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှု ခံယူဖို့အတွက် တွန့်ဆုတ်နေတာကြောင့် ရောဂါဘယနဲ့ သေဆုံးသူအရေအတွက် တိုးပွားလာတာ ဖြစ်တယ်လို့ ခန့်မှန်းပါတယ်။
ဂျွန်ဟော့ကင်း တက္ကသိုလ်ရဲ့ အချက်အလက်တွေအရ တောင်အာဖရိကနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူဟာ အာဖရိကတိုက် တခုလုံးရဲ့ ထက်ဝက်ကျော်နီးပါး အရေအတွက်ထိ ရှိလာခဲ့ပြီး ကမ္ဘာပေါ်မှာ ကူးစက်မှုအများဆုံး ပဉ္စမမြောက်နိုင်ငံ ဖြစ်လာတယ်လို့ ဖော်ပြထားပါတယ်။
“ကိုရိုနာဗိုင်းရပ်စ် ရိုက်ခတ်မှုလှိုင်းကတော့ ရောက်လာခဲ့ပါပြီ။ ကျောင်းတွေကို တလလောက် ယာယီပိတ်ထားမယ်” လို့ တောင်အာဖရိကသမ္မတ Cyril Ramaphosa က ပြောဆိုလိုက်ပါတယ်။ WHO က ကျန်းမာရေးဝန်ထမ်း ၁၀,၀၀၀ ကျော်ဟာ ရောဂါကူးစက်ခံနေရပြီး တကိုယ်ရည်သုံး ကာကွယ်ရေး PPE ပစ္စည်းတွေ ပြတ်လပ်နေတာကြောင့် အရေးပေါ် လိုအပ်နေတယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။
ကမ္ဘာတဝှမ်းမှာလည်း ကျန်းမာရေးဝန်ထမ်း ၁၀ ရာခိုင်နှုန်းခန့် ဗိုင်းရပ်စ် ကူးစက်ခံနေရပါတယ်။ အာဖရိကတိုက်အတွက် လိုအပ်တဲ့ ကျန်းမာရေးဝန်ထမ်း ၅၀,၀၀၀ ကျော်ကို WHO က ဦးစွာသင်ကြားပို့ချပေးနေပြီး နောက်ထပ် ကျန်းမာရေး ဝန်ထမ်း ၂၀၀,၀၀၀ ကျော်လောက် ထပ်မံ လိုအပ်မယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံကလည်း ပြတ်လပ်နေတဲ့ PPE ပစ္စည်း ၄၁ သန်းကျော်ကို ကူညီထောက်ပံ့ပေးခဲ့ပါတယ်။
ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ အာဖရိကတိုက် တခုလုံးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၇၆၉,၀၀၀ ကျော်လောက် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ လူဦးရေ ၁ ဒဿမ ၃ ဘီလီယံကျော်ထဲကနေ ၇ ဒဿမ ၂ သန်းကျော်ကိုတော့ ရောဂါစစ်ဆေး စမ်းသပ်ပေးခဲ့ပါပြီ။
Ref: Fox News
You may also like these stories:
ထိုင်းကို ပြန်လာတဲ့ စစ်သားတွေမှာ COVID-19 ရောဂါ တွေ့
မလေးရှားမှာ မဖြစ်မနေ Mask တပ်ရန် အမိန့်ထုတ်
Mask မတပ်သူများအား ဖမ်းဆီးအပြစ်ပေးမည်ဟု ဖိလစ်ပိုင်သမ္မတ ပြောကြား