အင်္ဂလန်နိုင်ငံမှာ ဇူလိုင် ၂၄ ကစလို့ ဈေးဆိုင်တွေထဲ မဖြစ်မနေ နှာခေါင်းစည်း Mask တပ်ရမယ့် ဥပဒေကို လိုက်နာဖို့ စူပါမားကတ် အများစုက တွန်းအားပေးမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ စတင် အသက်ဝင်နေပြီဖြစ်တဲ့ ဒီဥပဒေဟာ ဈေးဆိုင်တွေထဲ ဈေးဝယ်တဲ့အချိန်၊ မုန့်နဲ့ အအေးဝယ်တဲ့ အချိန်တွေမှာ မဖြစ်မနေ Mask တပ်ကြဖို့ ပြဌာန်းထားတာပါ။
အင်္ဂလန်က Sainsbury’s ၊ Asda တို့လို စူပါမားကတ်တွေနဲ့ Costa ကော်ဖီဆိုင်တွေမှာ လာရောက်မယ့် ဧည့်သည်တွေ Mask မတပ်ထားရင်တောင် ဆိုင်တွေဘက်က အရေးယူတာမျိုးတွေထိ မလုပ်ဘူးလို့ ပြောကြားလိုက်ပါတယ်။
အများပြည်သူသုံး ပို့ဆောင်ရေးယာဉ်တွေနဲ့ ဈေးဆိုင်တွေ၊ ရှော့ပင်းစင်တာ၊ ဘဏ်၊ Takeaway ဆိုင်တွေ၊ စာတိုက်နဲ့ စူပါမားကတ်တွေကို လာတဲ့အခါ မဖြစ်မနေ Mask တပ်ကြဖို့ ချမှတ်ထားပြီး မလိုက်နာသူတွေကိုလည်း ဒဏ်ကြေး ပေးဆောင်ဖို့ သတ်မှတ်ထားပေမယ့် စူပါမားကတ် အများစုက အတင်းအကြပ် လုပ်ခိုင်းတာမျိုးတွေ မလုပ်ဘူးလို့ ပြောဆိုနေပါတယ်။
Bedforshire ရဲဌာနကတော့ Mask မတပ်ထားတဲ့သူ တွေ့ရင် သူတို့ဆီကို သတင်းပို့ပေးမယ့်အစား ဆိုင်က ဝန်ထမ်းတွေနဲ့ လုံခြုံရေးတွေဘက်က ပိုအလေးပေး ဆောင်ရွက်တာမျိုးကို လိုချင်တယ်လို့ ဆိုပါတယ်။ အင်္ဂလန်နဲ့ ဝေလ ရဲဌာနချုပ်ကတော့ ထုတ်ပြန်လိုက်တဲ့ ဥပဒေသစ်ကို စောင့်ကြည့်ဖို့အတွက် လူအင်အား အလုံအလောက် မရှိတာကြောင့် စူပါမားကတ် ဆိုင်တွေဘက်ကသာ Mask မတပ်ထားတဲ့သူတွေကို ဝင်ခွင့်မပေးဖို့ လုပ်ပေးသင့်တယ်လို့ ပြောကြားလိုက်ပါတယ်။
Hampshire ရဲဌာနချုပ်ရဲ့ဥက္ကဋ္ဌ ဖြစ်သူ John Apter က “အရောင်းဆိုင်တွေဘက်ကနေ ချမှတ်လိုက်တဲ့ စည်းမျဉ်းကို ရှင်းရှင်းလင်းလင်းဖြစ်လာအောင် ပူးပေါင်းဆောင်ရွက်ပေးဖို့ လိုပါတယ်။ Mask မတပ်ထားဘူးဆိုရင် ဆိုင်ထဲ ပေးမဝင်သင့်ပါဘူး။ လိုအပ်လာရင် ရဲဝန်ထမ်းတွေကို ချထားပေးမှာပါ။ တကယ်တမ်းတော့ ကျနော်တို့ ဘက်မှာလည်း လူအင်အား မလုံလောက်ပါဘူး” လို့ Apter က ပြောပါတယ်။
Sainsbury’s တာဝန်ရှိသူတဦးကလည်း ဆိုင်ကိုလာမယ့် ဧည့်သည်တွေအတွက် စိတ်ချရတဲ့ အစီအမံပြုလုပ်ပေးထားပြီးဖြစ်လို့ ဝန်ထမ်းတွေဘက်က Mask တပ်ပါဆိုပြီး တွန်းအားပေးတာမျိုးတွေ မလုပ်ပါဘူးလို့ ဆိုပါတယ်။ Asda ကလည်း လာမယ့်ဧည့်သည်တွေကို Mask တပ်ကြဖို့ အတတ်နိုင်ဆုံးပြောသွားမှာဖြစ်ပေမယ့် ဥပဒေကို လိုက်နာဖို့အတွက်ကတော့ ရဲဌာနတာဝန်ရှိသူတွေနဲ့ပဲ ပိုသက်ဆိုင်လိမ့်မယ်လို့ ဆိုပါတယ်။
Tesco ကလည်း အဝင်ပေါက်မှာတင် နှာခေါင်းစည်း Mask တွေ ရောင်းချပေးသွားမှာဖြစ်ပြီး ဧည့်သည်တွေကိုလည်း Mask တပ်ကြဖို့ နှိုးဆော် ပေးသွားမယ့်အကြောင်း ပြောပါတယ်။
အစိုးရဘက်က မျက်နှာ၊ နှာခေါင်းစည်း Mask တပ်ရမယ့် အကြံပေးချက်နဲ့ ပတ်သက်ပြီး မရှင်းလင်းတာကြောင့် ဝေဖန်မှုတွေလည်း ထွက်ပေါ်နေပါတယ်။ ထုတ်ပြန်လိုက်တဲ့ စည်းမျဉ်းအသစ်ဟာ စူပါမားကတ်က ဆိုင်ဝန်ထမ်းတွေနဲ့ သက်ဆိုင်ခြင်းမရှိသလို၊ Pubs, Bars နဲ့ စားသောက်ဆိုင်တွေမှာ သွားစားမယ့်သူတွေအတွက်လည်း မလိုအပ်ဘူးလို့ ဖော်ပြထားပါတယ်။
ဥပဒေသစ်ကို ဖောက်ဖျက်မယ်ဆိုရင် ၁၄ ရက်အတွင်း ဒဏ်ကြေး စတာလင်ပေါင် ၅၀ ပေးဆောင်ရဖို့ ရှိပါတယ်။ စကော့တလန်နိုင်ငံမှာတော့ ဒီဥပဒေဟာ ဆိုင်တွေမှာရော၊ အများပြည်သူ ပို့ဆောင်ရေးယာဉ်တွေပေါ်မှာပါ အကျုံးဝင်တယ်လို့ ဆိုပါတယ်။ လတ်တလော မြောက်အိုင်ယာလန်နဲ့ ဝေလမှာတော့ မဖြစ်မနေ Mask တပ်ခိုင်းတာမျိုး မရှိသေးပါဘူး။
Ref: Sky News
You may also like these stories:
COVID-19 ကူးစက်မှုကို ရပ်တန့်နိုင်တဲ့ နည်းလမ်း ၃ ခု
တောင်အာဖရိကမှာ COVID-19 ကြောင့် သေဆုံးသူ အရေအတွက် မြင့်တက်လာ
ထိုင်းကို ပြန်လာတဲ့ စစ်သားတွေမှာ COVID-19 ရောဂါ တွေ့