တိုကျိုမြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၁၀,၀၀၀ ကျော်ချိန်မှာ ပြည်သူတွေကို မလိုအပ်ဘဲ အပြင် မထွက်ကြဖို့နဲ့ လာမယ့် ပိတ်ရက်ရှည်မှာ အိမ်ပဲနေကြဖို့ တိုကျိုမြို့တော်ဝန်က တိုက်တွန်းလိုက်ပါတယ်။ ကူးစက်မှုအသစ်တွေ တနေ့တည်း ရာကျော် တွေ့ခဲ့ရတာကြောင့် အိမ်မှာပဲနေဖို့ နှိုးဆော်နေရတာပါ။
ဂျပန်နိုင်ငံမှာ အိုလံပစ်ပွဲတော် မကျင်းပဖြစ်ပေမယ့် ရက်ရှည်ပိတ်ရက်ကို သတ်မှတ်ထားတဲ့အတိုင်း ပိတ်တဲ့အခါ အတတ်နိုင်ဆုံး အိမ်မှာပဲ နေကြဖို့ မြို့တော်ဝန် Yuriko Koike က အစည်းအဝေးမှာ ပြောကြားလိုက်တာပါ။ တကယ်လို့ အပြင်ထွက်ဖြစ်ရင်လည်း သတ်မှတ်ထားတဲ့ စည်းကမ်းတွေအတိုင်း ရောဂါမကူးစက်အောင် ကာကွယ်ကြဖို့ တိုက်တွန်းထားပါတယ်။
မြို့တော် တိုကျိုတခုတည်းမှာတင် ဇူလိုင် ၂၂ တရက်တည်း ကူးစက်မှုအသစ် ၂၃၈ မှု ရှိခဲ့ပါတယ်။ ဆေးရုံတက် ကုသနေရသူ အရေအတွက်ကလည်း ယခင် လထက်စာရင် ၅ ဆလောက် မြင့်တက်လာခဲ့ပါတယ်။ ဗိုင်းရပ်စ် ကူးစက်မှုကြောင့် တက်ရောက်နေတဲ့ထဲမှာ ၁၄ ယောက်က အသက်ရှူစက် တပ်ကာ အရေးပေါ် ကုသပေးနေရပြီး အရင်လက ဗိုင်းရပ်စ်ကူးစက်မှုကြောင့် ၂ ယောက် သေဆုံးခဲ့ပါတယ်။
ကန့်သတ်ချက်တွေကို ပြန်လည် ဖြေလျှော့ပေးလိုက်ပြီးနောက် တိုကျိုမြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ အရေအတွက် ဇူလိုင်လ တလတည်းမှာတင် ၃,၈၀၀ ကျော်သွားပြီဖြစ်လို့ နိုင်ငံအဆင့် အရေးပေါ်ကြေညာချက် ထုတ်ပြန်ခဲ့တဲ့ ဧပြီလက ကူးစက်မှုထက်တောင် ကျော်လွန်သွားပါပြီ။
ကူးစက်သူအရေအတွက် ထပ်တိုးလာမယ်ဆိုရင် မတ်လတုန်းကလို အိမ်မှာပဲနေဖို့ ကန့်သတ်ထားတာမျိုးတွေ ဖြစ်လာနိုင်တယ်လို့ မြို့တော်ဝန် Koike က ဆိုပါတယ်။
မတ်လ ၂၅ ရက်မှာ ကူးစက်မှုမြင့်မားခဲ့တာကြောင့် နိုင်ငံအဆင့် အရေးပေါ်ကြေညာချက် ထုတ်ပြန်ခဲ့ရတဲ့အထိ ပြန်ဖြစ်လာနိုင်ပေမယ့် အစိုးရတာဝန်ရှိသူတွေကတော့ လတ်တလော အရေးပေါ်အခြေအနေ ကြေညာချက် ထပ်မံထုတ်ပြန်ဖို့ မရှိသေးဘူးလို့ ပြောထားပါတယ်။
“ပြန်လည်ပတ်လာပြီဖြစ်တဲ့ စီးပွားရေးတွေအတွက် ဘာမှ အပြောင်းအလဲလုပ်စရာ မရှိသေးပါဘူး။ တချိန်တည်းမှာပဲ ကူးစက်မှုတွေ ပျံ့နှံ့မလာအောင် ကာကွယ်ပြီး လျော့ကျအောင် လုပ်ဆောင်မှာပါ” လို့ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဇူလိုင် ၂၂ ရက် မီဒီယာတွေနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့ပါတယ်။
အိုလံပစ်ပွဲတော်ကို လက်ခံကျင်းပဖို့ စီစဉ်ထားပေမယ့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် တနှစ်ရွှေ့ဆိုင်းခဲ့ရပါတယ်။ ရွှေ့ဆိုင်းဖို့ သတ်မှတ်ခဲ့စဉ်တုန်းကတောင် တိုကျိုမှာ တရက်ကို ကူးစက်သူအရေအတွက် ၁၀၀ အောက်ပဲ ရှိခဲ့တာပါ။ ဇူလိုင်လထဲမှာတော့ တိုကျိုမြို့မှာ စံချိန်တင် တရက်တည်း ၂၃၈ ယောက်ကူးစက်တဲ့ထိ ဖြစ်လာခဲ့ပါပြီ။
ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေကတော့ အခုလို ကူးစက်မှုတွေ ပြန်များလာတာဟာ ညဘက် ဘားဆိုင်နဲ့ စားသောက်ဆိုင်တွေကို ပြန်ဖွင့်ခွင့်ပေးလိုက်တာကြောင့် ဖြစ်တယ်လို့ ပြစ်တင်ပြောဆိုတာမျိုးတွေ ရှိနေပါတယ်။ ဂျပန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ စုစုပေါင်း ၂၈,၇၈၆ ရှိပြီး သေဆုံးသူ ၉၉၃ ယောက် ရှိပါတယ်။
Ref: Japan Times
You may also like these stories:
ဂျပန်က အမေရိကန်စစ်အခြေစိုက်စခန်းတွေမှာ COVID-19 ကူးစက်ခံရ
ဂျပန်မှာ Tokyo Disneyland ပြန်ဖွင့်ပြီ