ယူကေမှာ ပထမဆုံးအကြိမ် အိမ်မွေးကြောင်ကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်
ယူကေနိုင်ငံမှာ ပထမဆုံးအကြိမ် အိမ်မွေးကြောင်လေးတကောင်ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရပါတယ်။ Siamese အမျိုးအစား ကြောင်မလေးဟာ ယူကေနိုင်ငံမှာတော့ ပထမဆုံးအကြိမ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ တိရစ္ဆာန်ပါ။
အဆိုပါ ကြောင်ကို ဇူလိုင်လ ၂၂ ရက်နေ့က Weybridge မှာရှိတဲ့ ဓာတ်ခွဲခန်းမှာ ဗိုင်းရပ်စ်ကူးစက်ကြောင်း စမ်းသပ်အတည်ပြုခဲ့တာပါ။ သက်သေတွေအရတော့ ပိုင်ရှင်ဖြစ်သူကလည်း COVID-19 ကူးစက်ခံထားရတာကြောင့် တဆင့် ပြန်ကူးစက်ခံရတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ပိုင်ရှင်ရော၊ ကြောင်ပါ ပြန်လည် သက်သာနေပါပြီ။
တာဝန်ရှိသူတွေကတော့ ကြောင်ကနေ လူကို ဗိုင်းရပ်စ်ကူးစက်တာမျိုး သက်သေပြစရာ မရှိတဲ့အပြင် တခြား အိမ်မွေးတိရစ္ဆာန်တွေကနေလည်း ကူးစက်တာမျိုး မရှိသေးဘူးလို့ ပြောကြားလိုက်ပါတယ်။
ယူကေရဲ့တိရစ္ဆာန်ဆရာဝန်များအသင်းချုပ် အကြီးအကဲ Christine Middlemiss က “ဒါ တကယ့်ကို ရှားပါးဖြစ်ရပ်ပါပဲ။ တိရစ္ဆာန်တွေမှာ ရောဂါလက္ခဏာပြပြီး ရက်ပိုင်းအတွင်း ပြန်ကောင်းသွားတတ်ပါတယ်။ အိမ်မွေးတိရစ္ဆာန်ကနေ လူကို ဗိုင်းရပ်စ်ကူးတယ်ဆိုတဲ့အချက်ကိုတော့ သက်သေ မရှိသေးပါဘူး။ ကြောင်ပိုင်ရှင်ရဲ့ အခြေအနေကိုလည်း စောင့်ကြည့်နေပါတယ်” လို့ ဆိုပါတယ်။
အင်္ဂလန်ပြည်သူ့ကျန်းမာရေးဌာန ဒါရိုက်တာဖြစ်သူ Yvonne Doyle က အိမ်မွေးတိရစ္ဆာန်တွေ မထိတွေ့ခင်နဲ့ ထိတွေ့ပြီးမှာ လက်ကို စနစ်တကျ ဆေးကြောဖို့ အကြံပြုထားပါတယ်။ နေမကောင်းတဲ့သူနဲ့ ထိတွေ့မိထားတဲ့ အိမ်မွေးတိရစ္ဆာန်တွေရဲ့ အမွေးတွေမှာ ဗိုင်းရပ်စ် သယ်ဆောင်ထားနိုင်တာဖြစ်လို့ ဂရုပြုသင့်ကြောင်း ပြောကြားလိုက်ပါတယ်။
အဆိုပါ ကြောင်မလေးကို တိရစ္ဆာန်နဲ့ အပင်ဆိုင်ရာ ကျန်းမာရေးအေဂျင်စီတခုဖြစ်တဲ့ (APHA) က သုတေသန အစီအစဉ်တခုကနေ SARS-CoV2 လို့ခေါ်တဲ့ လူတွေမှာ COVID-19 ဖြစ်စေတဲ့ ဗိုင်းရပ်စ်ကို တွေ့ရှိခဲ့ကြတာပါ။ အခုကူးစက်မှုကိုလည်း ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေးအဖွဲ့ကြီးဆီ ပေးပို့တင်ပြခဲ့တယ်လို့ ဆိုပါတယ်။
ဗြိတိသျှ တိရစ္ဆာန်ဆရာဝန်များ အသင်းချုပ် ဥက္ကဋ္ဌဖြစ်သူ Daniella Dos Santos က COVID-19 ဖြစ်ပွားနေသူ ဒါမှမဟုတ် သံသယဖြစ်ဖွယ် ရောဂါလက္ခဏာတွေကြောင် တကိုယ်တည်း သီးခြားခွဲနေရသူတွေကို အိမ်မွေး တိရစ္ဆာန်တွေနဲ့ မထိတွေ့ဖို့ အကြံပေးချင်ပါတယ်။ လက်ကို ပုံမှန် သန့်စင် ဆေးကြောဖို့ အပါအဝင် တကိုယ်ရည် သန့်ရှင်းရေကို အလေးပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။
“COVID-19 သံသယရှိသူနဲ့ ရောဂါကူးစက်ခံရသူတွေကို ဖြစ်နိုင်ရင် အိမ်မွေးကြောင်တွေကို အိမ်ထဲမှာပဲ ထားဖို့ အကြံပြုချင်ပါတယ်။ တချို့ကြောင်တွေက အိမ်ထဲမှာပဲ နေရတာ အဆင်ပြေကြပေမယ့် တချို့ကတော့ အိမ်ထဲနေတာ ကြာလာရင် မကြိုက်တဲ့ ကြောင်တွေလည်း ရှိပါတယ်။ အတတ်နိုင်ဆုံးတော့ အိမ်မှာပဲ ထားစေချင်တယ်” လို့ Daniella Dos Santos က ဆိုပါတယ်။
ဒါကြောင့် လတ်တလော ဗိုင်းရပ်ကူးစက်မှုတွေ ရှိနေချိန်မှာ အိမ်မွေး တိရစ္ဆာန်ပိုင်ရှင်တွေကို သူတို့အကောင်လေးတွေနဲ့ ကိုယ်စားမယ့်အစာ အတူတူ ကျွေးတာမျိုး၊ နမ်းတာမျိုး မလုပ်ကြဖို့ သတိပေးထားပါတယ်။
Ref: BBC, Sky News
You may also like these stories:
ဗီယက်နမ်မှာ ကိုဗစ် ပြည်တွင်း ကူးစက်မှု ပြန်တွေ့
COVID-19 ကူးစက်ခံခဲ့ရတဲ့ မင်းသမီး Aishwarya Rai တို့သားအမိ ဆေးရုံကဆင်းပြီ