တရုတ်နိုင်ငံအနေနဲ့ COVID-19 ရောဂါ ပြည်တွင်းကူးစက်မှုကို ထိန်းချုပ်ပြီးနောက်ပိုင်း ကူးစက်မှုတွေ ပြန်လည် မြင့်တက်လာပါတယ်။ ဗီယက်နမ်၊ သြစတြေးလျ စတဲ့ နိုင်ငံတွေမှာလည်း ပြည်တွင်းကူး စက်မှုတွေ ပြန်ဖြစ်ပွားနေပါတယ်။
ဗီယက်နမ် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဒီကနေ့မှာလည်း ကူးစက်လူနာသစ် ၈ ယောက် ထပ်တွေ့တဲ့အတွက် ပြည်တွင်း ကူးစက်လူနာသစ် ၃၀ ယောက်အထိ ရှိသွားပြီလို့ သိရပါတယ်။
ဇူလိုင် ၂၈ ရက်နေ့မှာတော့ တရုတ်နိုင်ငံမှာ ကူးစက်လူနာသစ် ၁၀၁ ယောက်အထိ တွေ့ရှိခဲ့ပြီး ၃ လတာ ကာလအတွင်း ကူးစက်မှုအများဆုံး အရေအတွက်လည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကူးစက်မှု များနေတဲ့ ဒေသတွေရဲ့ အားကစားရုံ၊ အရက်ဆိုင်နဲ့ ပြတိုက်တွေကို တရုတ်အစိုးရက ယာယီပိတ်ထားပါတယ်။
ကူးစက်မှု အများဆုံးကတော့ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းက ရှင်ကျန်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဖြစ်ပြီး လူပေါင်း ၉၈ ယောက် ပြည်တွင်းကူးစက်ခံထားရတယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံရဲ့ ပြည်သူ့ကျန်းမာရေး ကော်မရှင်ကလည်း ဇူလိုင်လအစောပိုင်းက ကူးစက်လူနာသစ် ပြန်လည် တွေ့ ရှိပြီနောက်ပိုင်း ကန့်သတ်မှုတွေကို ဆောင်ရွက်ခဲ့သလို ရောဂါ စစ်ဆေးမှုတွေကိုလည်း ပြုလုပ်ခဲ့တယ်လို့ ပြောပါတယ်။ တရုတ်နိုင်ငံဟာ COVID-19 စတင်ဖြစ်ပွားခဲ့တဲ့ နိုင်ငံဖြစ်တဲ့အတွက် Lockdown ချတာ၊ ခရီးသွားလာခွင့် ကန့်သတ်တာတွေကို လုပ်ဆောင်ခဲ့ပါတယ်။
တရုတ်အစိုးရရဲ့မှတ်တမ်းအရ ဧပြီလ ၁၃ ရက်နေ့ဟာ ကူးစက်လူနာ အရေအတွက် အများဆုံးဖြစ်ပြီး လူပေါင်း ၁၀၈ ယောက် ရောဂါကူးစက်ခံခဲ့ရတယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာတော့ တရုတ်နိုင်ငံမှာ ရောဂါကူးစက်ခံရသူပေါင်း ၈၄,၀၆၀ ယောက် ရှိပြီး ၄၆၃၄ ယောက် သေဆုံးခဲ့ပါတယ်။ ကမ္ဘာတဝှမ်း COVID-19 လူနာပေါင်း ၁၆ ဒဿမ ၉၀ သန်းရှိတဲ့အတွက် ၁၇ သန်းနီးပါးအထိ ရောက်လာခဲ့ပါပြီ။
ပြီးခဲ့တဲ့ ရက်သတ္တပတ်ကလို့ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း၊ Liaoning ပြည်နယ်က Dalian မှာရှိတဲ့ အစားအသောက် ထုတ်လုပ်ရေးစက်ရုံတခုက အလုပ်သမားအများစု ရောဂါကူးစက်ခံခဲ့ရပါတယ်။ အာဏာပိုင်တွေရဲ့ပြောကြားချက်အရ အလုပ်သမားတွေဟာ ပင်လယ်စာတွေကို ကိုင်တွယ်မိရာကနေ ရောဂါ ကူးစက်ခံခဲ့ရတယ်လို့ ပြောပါတယ်။ ဒါကြောင့်လည်း ၄ ရက်အတွင်း လူဦးရေ ၆ သန်းကို စမ်းသပ် စစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ Dalian နဲ့ Zhao Lian မှာ နေထိုင်သူ ၃ သန်းကျော်ကို ရောဂါစစ်ဆေးမှုတွေ ပြုလုပ် ထားတယ်လို့ ကျန်းမာရေးကော်မရှင်က ပြောပါတယ်။ ဇွန်လတုန်းကလည်း ဘေကျင်းမြို့မှာ လူ ပေါင်း ၃၀၀ ကျော် ရောဂါကူးစက်ခံခဲ့ရပါတယ်။ တရုတ်အစိုးရရဲ့ စုံစမ်းစစ်ဆေးမှုအရ ကူးစက်လူနာ သစ်တွေဟာ ရောဂါကူးစက်ခံထားတဲ့ မြို့တွေကို သွားရောက် လည်ပတ်ခဲ့ကြသူတွေ ဖြစ်တယ်လို့ သိရပါတယ်။
Ref: CNA
You may also like these stories:
တရုတ်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး လူသေဆုံးမှုဖြစ်ပွား
အင်ဒိုနီးရှားမှာ ကိုဗစ် ကူးစက်သူ ၁ သိန်းကျော်အထိရှိလာ
Mask မတပ်သူများအား ဖမ်းဆီးအပြစ်ပေးမည်ဟု ဖိလစ်ပိုင်သမ္မတ ပြောကြား