ထိုင်းနိုင်ငံအနေနဲ့ COVID-19 ရောဂါ ပြည်တွင်းကူးစက်မှုကို အကောင်းဆုံး ထိန်းချုပ်နိုင်ပေမယ့် ပြည်ပရောက်နေတဲ့ ထိုင်းနိုင်ငံသားတွေကတော့ သေဆုံးမှုတွေ ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့ကလည်း အီဂျစ်နိုင်ငံမှာ ကျောင်းတက်နေတဲ့ အသက် ၂၆ နှစ်အရွယ် ထိုင်း ကျောင်းသားတယောက် COVID-19 ကူးစက်ခံရပြီး သေဆုံးခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Cherdkiat Atthakor ကလည်း အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ရဲ့ ဆေးရုံမှာ COVID-19 ကူးစက်ခံနေရတဲ့ ကျောင်းသားတယောက် သေဆုံးခဲ့ကြောင်း ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အတည်ပြုပြောကြားခဲ့ပါတယ်။ သေဆုံးသူ ကျောင်းသားရဲ့ သူငယ်ချင်းဖြစ်သူကလည်း မသေဆုံးခင် ၃ ပတ်လောက်ကတည်း ကျောင်းသားဖြစ်သူဟာ ရောဂါဝေဒနာကို စတင်ခံစားခဲ့ရတယ်လို့ ထိုင်းသံရုံးကို ပြောခဲ့ပါတယ်။
COVID-19 ကူးစက်ခံထားရတဲ့ ကျောင်းသားဖြစ်သူဟာ ဆေးရုံမှာ ဆေးကုသမှု ခံယူခဲ့ပေမယ့် ပြီးခဲ့တဲ့အင်္ဂါနေ့ကစပြီး အခြေအနေ ဆိုးရွားလာခဲ့ပြီး နောက်ဆုံးမှာတော့ သေဆုံးသွားခဲ့ပါတယ်။
သေဆုံးသူ ကျောင်းသားရဲ့မိသားစု ဆန္ဒအရ ကျောင်းသားကို ကိုင်ရိုမြို့က သင်္ချိုင်းမှာ အင်္ဂါနေ့ ညနေပိုင်းက သင်္ဂြိုဟ်ပေးခဲ့တယ်လို့ သိရပါတယ်။ အီဂျစ်နိုင်ငံမှာ ရောဂါကူးစက်ခံနေရတဲ့ ထိုင်းလူမျိုး ၁၂၇ ယောက် ရှိနေပါတယ်။
ဆေးကုသမှု ခံယူနေသူ အယောက် ၁၀၀ ရှိနေပြီး ၂၆ ယောက်ကတော့ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာခဲ့ပါတယ်။ အီဂျစ်နိုင်ငံမှာ သေဆုံးခဲ့တဲ့ ကျောင်းသားကတော့ ပထမဆုံး သေဆုံးခဲ့သူ ဖြစ်ပါတယ်။
အီဂျစ်နိုင်ငံမှာ လူပေါင်း ၉ သောင်းကျော် ရောဂါကူးစက်ခံထားရပြီး ၄,၆၉၁ ယောက် သေဆုံးခဲ့ပါ တယ်။ ထိုင်းနိုင်ငံမှာ ပြည်တွင်းကူးစက်မှု မရှိတာ ၂ လကျော် ကြာမြင့်ခဲ့ပါပြီ။ သေဆုံးခဲ့တဲ့ ကျောင်း သားဟာ ကိုင်ရိုမြို့ရဲ့ Al-Azhar တက္ကသိုလ်မှာ တတိယနှစ် တက်ရောက်နေသူ ဖြစ်ပါတယ်။
အီဂျစ်နိုင်ငံကို ရောက်ရှိနေတဲ့ ထိုင်းလူမျိုးတွေအနေနဲ့ COVID-19 ကူးစက်မှု မြင့်တက်နေတဲ့အတွက် လူထူထပ်တဲ့ နေရာတွေကို မသွားဖို့နဲ့ အပြင်ထွက်ရင် Mask တပ်ဆင်ဖို့ ထိုင်းသံရုံးက ကြေညာချက်ထုတ်ပြန်ထားပါတယ်။
Ref: Bangkokpost