ဟာရီကိန်းမုန်တိုင်း Isaias ဟာ အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်ဆီ ဦးတည်နေတာကြောင့် COVID-19 စမ်းသပ်ရေးစင်တာတချို့ ပိတ်ထားရတယ်လို့ ပြည်နယ်အာဏာပိုင်တွေက ဆိုပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် ၂၅၃ ဦး သေဆုံးခဲ့တဲ့နေ့အဖြစ် သတ်မှတ်ပြီးနောက်မှာ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်မှုအဖြစ် COVID-19 စင်တာတချို့ကို ပိတ်ခဲ့တာ ဖြစ်ပါတယ်။
ဖလော်ရီဒါပြည်နယ်ဟာ ကမ္ဘာပေါ်မှာ ကူးစက်မှုနှုန်း အမြင့်ဆုံးဖြစ်နေတဲ့ အမေရိကန်နိုင်ငံရဲ့ ကူးစက်မှုဗဟိုချက်အသစ် ဖြစ်လာခဲ့ပြီး ဒုတိယအမြင့်ဆုံးဖြစ်နေတဲ့ နယူးယောက်ကို ကျော်တက်ကာ ကယ်လီဖိုးနီးယားနောက် ဒုတိယနေရာကို ရောက်လာခဲ့ပါတယ်။
COVID-19 ကြောင့် သေဆုံးသူ အရေအတွက်ဟာ အရင်ပတ်ကထက် မြင့်တက်လာပြီး လက်ရှိမှာ ဗိုင်းရပ်စ်ကြောင့် ၆,၅၀၀ ကျော် သေဆုံးခဲ့တယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။ ဖလော်ရီဒါမှာ ဇူလိုင် ၃၀ ရက်နေ့ထိ ၃ ရက်ဆက်တိုက် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ အရေအတွက် ဆက်တိုက် မြင့်တက်ခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် သေဆုံးမှု မြင့်တက်နေတဲ့ ဖလော်ရီဒါပြည်နယ်အတွက်တော့ အတ္တလန်တိတ် သမုဒ္ဒရာကနေ တနာရီမိုင် ၈၀ နီးပါး လေတိုက်နှုန်းနဲ့ တိုက်ခတ်လာမယ့် Isaias ဟာရီကိန်းမုန်တိုင်းဟာ နောက်ထပ် ထိုးနှက်မှုတခု ဖြစ်လာတယ်လို့ မီယာမီအခြေစိုက် အမျိုးသား ဟာရီကိန်းစင်တာ (NHC) ကနေ ထုတ်ပြန်ထားပါတယ်။
ကမ်းရိုတန်းနဲ့ နီးကပ်နေချိန်မှာ မုန်တိုင်း ခန့်မှန်းသူတွေက Isaias မုန်တိုင်းပြင်းအား ဘယ်လောက် ရှိတယ်ဆိုတာ အတိအကျ မခန့်မှန်းနိုင်သေးပါဘူး။ “ဖလော်ရီဒါကို လာမယ့်ပိတ်ရက် အစမှာ ဝင်ပါမယ်။ အမေရိကန် အရှေ့ပိုင်း ကမ်းရိုးတန်းတလျှောက် လေတိုက်နှုန်း ပြင်းထန်တာ၊ မိုးသည်းထန်စွာ ရွာသွန်းတာမျိုးတွေ ဖြစ်နိုင်တယ်” လို့ NHC က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။လက်ရှိမှာ ဟာရီကိန်း Isaias ဟာ ဒိုမီနီကန်သမ္မတနိုင်ငံကို ဝင်ရောက် တိုက်ခတ်နေပြီး အသက် ၅၃ နှစ်အရွယ် အမျိုးသားတဦး သေဆုံးသွားတဲ့အပြင် မြစ်ကမ်းပါးတွေ ပြိုကျ ပျက်စီးနေတယ်လို့ ဆိုပါတယ်။ ပြူရီတိုရီကို နိုင်ငံမှာလည်း အဆိုပါ အပူပိုင်းမုန်တိုင်းအရှိန်နဲ့ ရေကြီးရေမြှုပ်တာ၊ သစ်ပင်ပြိုလဲကျတာကြောင့် လူထောင်ပေါင်းများစွာ လျှပ်စစ်မီးပြတ်တောက်နေပါတယ်။
ဆိုရှယ်မီဒီယာပေါ်မှာ “ဒါလေးကို ကြည့်မိတယ်ဆိုရင် ကျနော်တို့ အကူအညီ လိုအပ်နေပါတယ်” လို့ အမျိုးသား တယောက် တင်ထားတဲ့ ဗီဒီယိုမှာ သူနဲ့အတူ ရေကြီးရေလျှံတာကြောင့် ကားခေါင်မိုးပေါ် ပိတ်မိနေသူတွေကို မြင်တွေ့ကြမှာပါ။
ဖလော်ရီဒါမှာတော့ လက်ရှိအချိန်ထိ ကူညီကယ်ဆယ်ရေး အစီအစဉ်တွေ မထုတ်ပြန်သေးပေမယ့် ပြည်နယ် အစိုးရကတော့ ဒေသခံတွေရဲ့ အိမ်တွေနဲ့ လုပ်ငန်းတွေကို မုန်တိုင်းအန္တရာယ်ကနေ ကြိုတင်ကာကွယ်ထားကြဖို့ သတိပေးထားပါတယ်။
ဒေသခံ ၂၁ သန်းကျော် နေထိုင်တဲ့ ဖလော်ရီဒါပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၄၆၀,၀၀၀ ကျော်ရှိပြီး ဒီထဲက ၄ ပုံ ၁ ပုံကတော့ မီယာမီမှာ ကူးစက်ခံနေရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
Ref: Asia Times