အိန္ဒိယနိုင်ငံ၊ အန်ဒါရာပါရာဒက်ရှ်ပြည်နယ်က ရွာတရွာမှာ အယ်လ်ကိုဟောပါ လက်သန့်စင်ဆေးရည် သောက်မိရာက လူ ၁၀ ဦး သေဆုံးသွားခဲ့တာကြောင့် အရက်ရောင်းဆိုင်တွေကိုပါ ရောင်းချခွင့် ပိတ်ပင်လိုက်ပါတယ်။
Kurichedu ရွာကိုလည်း ကိုရိုနာဗိုင်းရပ်စ် ပြည်တွင်းကူးစက်မှုတွေများလာတာကြောင့် Lockdown ချ ဝင်ထွက်ခွင့် ပိတ်ပင်တားမြစ်ထားပါတယ်။ ခရိုင်ရဲအရာရှိအကြီးအကဲ Siddharth Kaushal က သေဆုံးသူတွေဟာ လက်သန့်စင်ဆေးရည်ကို အချိုရည်၊ ရေတို့နဲ့ ရောပြီး သောက်သုံးခဲ့ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။
သေဆုံးသူတွေဟာ အရက်စွဲနေသူတွေဖြစ်ပြီး လက်သန့်စင်ဆေးရည်နဲ့ အချိုရည်၊ ရေအရောကို သောက်နေခဲ့ကြတာ ၁၀ ရက်လောက် ရှိပြီလို့ Kaushal က ပြောပြခဲ့ပါတယ်။ လက်သန့်စင်ဆေးရည်ကိုလည်း တခြား အဆိပ်အတောက်ဖြစ်စေတဲ့ ပစ္စည်းတွေ ပါဝင်မှု ရှိ၊ မရှိ စစ်ဆေးသွားဖို့ ရှိပါတယ်။
သေဆုံးသူတွေ သောက်သုံးခဲ့ကြတဲ့ လက်သန့်စင်ဆေးရည် နမူနာတွေကို ဓာတု ကျွမ်းကျင်းသူတွေထံ ပေးပို့ထားတယ်လို့ မစ္စတာ Kaushal က ပြောပြသွားပါတယ်။
“အရက်အလွန်အကျွံ စွဲလမ်းနေသူတွေဆိုရင် လက်သန့်စင်ဆေးရည်မှာ အရက်ပါဝင်မှု များတယ်လို့ ထင်ကြတယ်။ အခု Lockdown ကာလမှာ အရက်ဝယ် မရပေမယ့် လက်သန့်စင်ဆေးရည်ကတော့ နေရာတိုင်း အလွယ်တကူ ဝယ်နိုင်တယ်” လို့ ဆိုပါတယ်။
အိန္ဒိယ ဖက်ဒရယ်အစိုးရကတော့ ကျဆင်းနေတဲ့ စီးပွားရေးအခြေအနေတွေ တိုးတက်ကောင်းမွန်လာအောင် စီးပွားရေးလုပ်ငန်းအများစုကို ပြန်ဖွင့်ပြုနေပါတယ်။ ဇူလိုင် နောက်ဆုံးပတ်မှာပဲ Yoga သင်တန်းကျောင်းတွေနဲ့ အားကစားခန်းမတွေကို ဖွင့်ခွင့်ပြုလိုက်ပါပြီ။
နိုင်ငံတွင်း ကုန်စည်စီးဆင်းမှု ရှိလာအောင် စီးပွားရေးလုပ်ငန်းတွေကို ပြန်ဖွင့်ခွင့်ပြုလိုက်ပေမယ့် တချို့ပြည်နယ်တွေမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မြင့်တက်လာတာကြောင့် Lockdown ချ ဝင်ထွက်ခွင့် တားမြစ်ပိတ်ပင်ထားရဆဲ အခြေအနေပဲ ရှိပါတယ်။
အိန္ဒိယတောင်ပိုင်း၊ အန်ဒါရာပါရာဒက်ရှ်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဟာ အရင်လကထက် ၉ ဆလောက် မြင့်တက်သွားတယ်လို့ ဖော်ပြထားပါတယ်။ နေ့စဉ် အိန္ဒိယနိုင်ငံရဲ့ ကိုဗစ် ကူးစက်မှုနှုန်းဟာ ၅ သောင်းခွဲ ဝန်းကျင်ရှိနေပြီး သေဆုံးသူ အရေအတွက်လည်း ၇၇၉ ကနေ ၃၆,၅၅၁ ယောက်ထိကို မြင့်တက်ခဲ့တာပါ။
ကူးစက်သူ အရေအတွက် စုစုပေါင်းကတော့ ၁,၆၉၇,၀၅၄ ယောက်နဲ့ ကမ္ဘာပေါ်မှာ ကူးစက်မှုနှုန်းအများဆုံး တတိယနေရာမှာ ရှိနေပါတယ်။
Ref: BBC
You may also like these stories:
တောင်အာရှနိုင်ငံတွေမှာ ကိုဗစ်ကူးစက်မှု မြင့်မားလာ
ကိုဗစ် ကာကွယ်ဆေး မပေါ်မချင်း ကျောင်းများပြန်မဖွင့်ဟု ဒူတာဒေး ပြော
သြစတြေးလျမှာ COVID-19 ပြည်တွင်းကူးစက်မှု ပြန်တွေ့လာ