ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော်ပွဲတော်တခု ဖြစ်တဲ့ Boryeong ရွှံ့ပွဲတော်ကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် ပထမဆုံးအကြိမ် အွန်လိုင်းကနေ ကျင်းပခဲ့ပါတယ်။ နိုင်ငံတွင်းမှာသာမက နိုင်ငံတကာမှာပါ နာမည်ကျော်တဲ့ ရွှံ့ပွဲတော်ကနေ ကူးစက်မှုတွေ ရှိလာနိုင်တာကြောင့် ကြိုတင်ကာကွယ်တဲ့ အနေနဲ့ အခုလို ပုံစံ ကျင်းပဖြစ်ခဲ့တာလို့ စီစဉ်သူတွေက ပြောကြားလိုက်ပါတယ်။
တောင်ကိုရီးယားရဲ့ Chungcheong ဒေသတောင်ပိုင်း Boryeong မြို့မှာ ကျင်းပလို့ “Boryeong ရွှံ့ပွဲတော်”လို့ ခေါ်ဝေါ် ကြပြီး နိုင်ငံ အနောက်ဘက်ကမ်းရိုတန်းတလျှောက် နှစ်စဉ် ကျင်းပလာခဲ့ကြတာပါ။ မြို့ရဲ့ကျယ်ပြန်တဲ့ ရွှံ့နှစ်ကွင်းကြီးထဲမှာ လာရောက်သူတိုင်း ရွှံ့နပန်းပွဲကနေ ရွှံ့ရေချိုးပွဲအထိ အမျိုးမျိုး ပါဝင်နိုင်ပါတယ်။
၂၀၂၀ ခုနှစ်၊ ဇူလိုင် ၁၇ ကနေ ၂၆ ထိ ကျင်းပမယ့် ပွဲတော်ကို လာရောက်သူတွေကြောင့် Boryeong မြို့မှာ ကူးစက်မှုတွေ ရှိနိုင်တာကို တားဆီးတဲ့အနေနဲ့ ကိုဗစ်အလွန် ပြောင်းလဲလာတဲ့ လူနေမှုဘဝပုံစံအသစ်မှာ ခေတ်စားလာတဲ့ Virtual event ပုံစံမျိုး ကျင်းပခဲ့ပါတယ်။
ကိုရီးယားနိုင်ငံတဝှမ်းက ပွဲတော်မှာ ပါဝင်မယ့်သူတွေဟာ အိမ်မှာပဲ ရွှံ့ပွဲတော်ပုံစံအတိုင်း ပြင်ဆင်ထားပြီး တခြားသူတွေနဲ့ အတူတူ YouTube ရဲ့ Live chat ကနေ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ အနုပညာရှင်တွေရဲ့ ဖျော်ဖြေမှုတွေနဲ့ပါ အတူဆင်နွဲှမယ့် အယောက် ၁,၀၀၀ ကို တကယ့် ရွှံ့ပွဲတော် ပုံစံအတိုင်း လိုအပ်တဲ့ ပစ္စည်းတွေ ပေးပို့ခဲ့ကာ Boryeong မြို့ကို ရောက်နေတဲ့အတိုင်း အိမ်မှာနေရင်း ထပ်တူခံစားနိုင်အောင် စီစဉ်ပေးခဲ့ပါတယ်။
Boryeong မြို့ရဲ့ ရွှံ့နှစ်တွေဟာ သတ္တုဓာတ်ကြွယ်ဝလို့ အသားရေအတွက် အထူးကောင်းမွန်တယ်လို့ နာမည်ကျော်ပါတယ်။ ၁၉၉၈ ခုနှစ်တည်းက ကိုရီးယားအနောက်တောင်ဘက်ပိုင်း ကမ်းရိုတန်းမြို့မှာ နိုင်ငံတကာ ခရီးသွားတွေကို ဆွဲဆောင်နိုင်ဖို့အတွက် ဒေသအရင်းအမြစ် ရွှံ့နှစ်တွေနဲ့ ကျင်းပတဲ့ ပွဲတော်ကို စီစဉ်လာခဲ့ကြတာပါ။
ပြည်တွင်းသာမက နိုင်ငံတကာမှာပါ ကျော်ကြားတဲ့ Boryeong ရွှံ့ပွဲတော်ကို ၂၀၁၉ ခုနှစ်က ပွဲတော်လာ ဧည့်သည် ၁ ဒဿမ ၈ သန်းအထိ ရှိခဲ့ပါတယ်။ Boryeong မြို့က Daecheon ကမ်းခြေမှာ ၁၀ ရက်ကြာ ကျင်းပတဲ့ ရွှံ့ပွဲတော်ကို တခြားပွဲတော်လိုပဲ ဒီနှစ်မှာတော့ မကျင်းပဖြစ်ပေမယ့် ပထမဆုံးအကြိမ် အွန်လိုင်းကတဆင့် Virtual event ပုံစံမျိုးနဲ့ ကျင်းပနိုင်ခဲ့ပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ ရောဂါကာကွယ် ထိန်းချုပ်ရေးစင်တာက ထုတ်ပြန်ချက်အရ ကူးစက်မှုတွေအမြင့်ဆုံး တက်ခဲ့တဲ့ မတ်လနောက်ပိုင်း ပထမဆုံးကြိမ် ကူးစက်မှုအသစ်တွေ ထပ်မံတွေ့လာရတယ်လို့ ဖော်ပြထားပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်သူ ၁၄,၃၃၆ ဦးရှိပြီး သေဆုံးသူကတော့ ၃၀၁ ဦး ရှိပါတယ်။
Ref: The Korea Times
You may also like these stories:
အိန္ဒိယမှာ လက်သန့်စင်ဆေးရည် သောက်မိရာက လူ ၁၀ ဦး သေဆုံး
မုန်တိုင်းကာလအတွင်း ဖလော်ရီဒါပြည်နယ်မှာ ကိုဗစ်ကြောင့် သေဆုံးသူ မြင့်တက်