မတ်လကတည်းက စတင်ပိတ်ထားခဲ့တဲ့ လန်ဒန်မြို့ပေါ်က အထင်ကရ နေရာတွေကို သြဂုတ် ၁ ရက်နေ့မှာ ပြန်ဖွင့်လိုက်ပါပြီ။ ခရီးသွားဧည့်သည် အလာများတဲ့ London Eye နဲ့ Madame Tussauds လိုနေရာတွေအပြင် ငါးပြတိုက်၊ London Dungeon တို့ပါ ပိတ်ရက်ကစပြီး ဝင်ရောက်ကြည့်ရှုခွင့် ပေးလိုက်တာပါ။
လာမယ့် ဧည့်သည်တွေဟာ ထုတ်ပြန်ထားတဲ့ ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရမှာဖြစ်တယ်လို့ အဆိုပါ အထင်ကရနေရာတွေကို စီမံအုပ်ချုပ်နေတဲ့ Merlin Entertainment က ဖော်ပြထားပါတယ်။ တယောက်နဲ့ တယောက် သတ်မှတ်ထားတဲ့ အကွာအဝေး Social distancing ကိုလိုက်နာရမယ့်အပြင် ပိုက်ဆံအစားထိုး Cashless သုံးကြဖို့လည်း တိုက်တွန်းထားပါတယ်။
အစိုးရက ထုတ်ပြန်ထားတဲ့ ကျန်းမာရေး Guideline တွေအတိုင်း လိုက်နာရမယ့်အပြင် အသက် ၁၁ နှစ်အထက် အရွယ်တွေကစလို့ နှာခေါင်းစည်း Mask မဖြစ်မနေ တပ်ကြဖို့ တိုက်တွန်းထားပါတယ်။ ဧည့်သည်တွေဟာ မလာခင် အွန်လိုင်းကတဆင့် ကြိုတင်ဘိုကင် အရင်တင်ဖို့ သတ်မှတ်ထားပါတယ်။
ဖွင့်လှစ်လိုက်ပေမယ့် Indoor show တွေကို လူဦးရေ အကန့်အသတ်နဲ့ ဝင်ခွင့်ပြုမယ့်အပြင် တချို့ရှိုးပွဲတွေကိုတော့ အခြေအနေအရ ပိတ်ထားဦးမယ်လို့ ဆိုပါတယ်။ ဒါကြောင့် လာလည်မယ့် ဧည့်သည်တွေက ကိုယ်ကြည့်ချင်တဲ့ နေရာတွေကို ကြိုတင် ဘိုကင်အရင်တင်ပြီးဖို့ လိုအပ်ပါတယ်။
London Eye ရဲ့ အထွေထွေမန်နေဂျာ Sunny Jouhal က “ကျနော်တို့ရဲ့ လန်ဒန်က လည်ပတ်စရာ အထင်ကရနေရာတွေ အားလုံး သြဂုတ် ၁ ရက်မှာ ပြန်ဖွင့်လိုက်ပြီဆိုတာ ပြောပြပေးချင်ပါတယ်။ လာမယ့် ဧည့်သည်တွေအတွက် ကျန်းမာရေးဆိုင်ရာ လုံခြုံစိတ်ချရအောင် လုပ်ဆောင်ပေးထားပါတယ်” လို့ ပြောပြပါတယ်။
“တခြား စီးပွားရေးလုပ်ငန်းတွေလိုပဲ လအတန်ကြာ ပိတ်ထားခဲ့တဲ့ လန်ဒန် ခရီးသွားလုပ်ငန်းတွေ အရင်လို ပြန်လည် ဦးမော့လာနိုင်ဖို့ အများကြီး အချိန်ယူပြင်ဆင်ရဦးမှာပါ။ ကျနော်တို့ဘက်ကတော့ အစိုးရက ထုတ်ပြန်ထားတဲ့ Guidelines တွေအတိုင်း လိုက်နာ ဆောင်ရွက်ထားပါတယ်” လို့ အထွေထွေမန်နေဂျာ Jouhal က ဆိုပါတယ်။
ပိတ်ထားခဲ့ရာကနေ ဧည့်သည်တွေ ပြန်လက်ခံနိုင်လာချိန်မှာ အစိုးရဘက်ကလည်း ခရီးသွားလုပ်ငန်းတွေနဲ့ အတူပူးပေါင်းပြီး ပြန်ဖွံ့ဖြိုးလာအောင် ဆက်လက် ထောက်ပံ့ပေးဖို့ ခရီးသွားလုပ်ငန်းရှင်တွေဘက်က ဆန္ဒရှိနေပါတယ်။ မိသားစုနဲ့အတူ ပိတ်ရက်မှာ လာရောက် အပန်းဖြေနိုင်မယ့် Theme parks တွေကိုလည်း ဇူလိုင်လဆန်းကစလို့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး စည်းမျဉ်းတွေအတိုင်း ပြန်လည် ဖွင့်လှစ်ထားပါတယ်။
ယူကေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ စုစုပေါင်း ၃၀၅,၆၂၃ ဦးရှိပြီး သေဆုံးသူ ၄၆,၂၁၀ ဦးရှိခဲ့ပေမယ့် ဇူလိုင်လဆန်းကစလို့ အများပြည်သူ အပန်းဖြေနိုင်မယ့် နေရာတွေကို ဖွင့်ခွင့်ပြုခဲ့ပါတယ်။
Ref: The Sun
You may also like these stories:
ယူကေမှာ ပထမဆုံးအကြိမ် အိမ်မွေးကြောင်ကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်
အင်္ဂလန်က စူပါမားကတ်တွေမှာ Mask တပ်ဖို့ တွန်းအားပေးခြင်း မရှိ
ဥရောပနိုင်ငံတွေမှာ မဖြစ်မနေ Mask တပ်ကြဖို့ စည်းမျဉ်းထုတ်ပြန်