မြန်မာနိုင်ငံတွင် အကြီးဆုံးသော ဈေးဝယ် စင်တာကြီးအဖြစ် ရင်းနှီးမြှုပ်နှံ တည်ဆောက်ရန် Shwe Taung Real Estate Co., Ltd. (Shwe Taung) နှင့် ဂျပန်နိုင်ငံ AEON MALL Co., Ltd. (AEON MALL) တို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပူးပေါင်းဆောင်ရွက်မှုတွင် Shwe Taung မှ အစုရှယ်ယာ ၃၀ ရာခိုင်နှုန်း၊ Aeon Mall Myanamr Co., Ltd. နှင့် AEON MALL မှ အစုရှယ်ယာ ၇၀ ရာခိုင်နှုန်း ပါဝင်သည်။ ယခုကဲ့သို့ AEON MALL နှင့် ပူးပေါင်းလုပ်ကိုင်ခြင်းဖြင့် မြန်မာပြည်ရှိ ဈေးဝယ်သူများအနေဖြင့် ဂျပန်နှင့် မြန်မာတို့၏ အကောင်းဆုံး retail concept များကို တွေ့ကြုံခံစားနိုင်မည်ဟု ဆိုသည်။
“Junction ဟာ မြန်မာပြည်ဈေးဝယ်သူတွေအနေနဲ့ ဆယ်စုနှစ် နှစ်ခုတိုင်အောင် အလွန်ရင်းနှီးပြီးသား နာမည် တခုပါ။ ကျမတို့ရဲ့ လူမှုပတ်ဝန်းကျင်မှာရှိတဲ့ ပြည်သူအများဆီကို သစ်လွင် ဆန်းကြယ်တဲ့ ဈေးဝယ်မှု အတွေ့အကြုံဆန်းတွေနဲ့ လူနေမှုပုံစံသစ်တွေကို ဖော်ဆောင်ပေးဖို့ အခုလို AEON MALL နဲ့ အတူ ပူးပေါင်းလုပ်ကိုင်နိုင်တဲ့အတွက် စိတ်လှုပ်ရှား ဝမ်းသာမိပါတယ်” ဟု Shwe Taung Real Estate ၏ အမှုဆောင်အရာရှိချုပ် ဒေါ်စန္ဒာထွန်းက ပြောသည်။
AEON MALL ၏ မန်နေဂျင်းဒါရိုက်တာ Mr. Mitsugu Tamai ကလည်း “ကျနော်တို့အနေနဲ့ မြန်မာနိုင်ငံရဲ့ဈေးဝယ် စင်တာလုပ်ငန်း ပိုမိုဖွံ့ဖြိုးစေဖို့ Shwe Taung Real Estate နဲ့ ပူးပေါင်းလုပ်ကိုင်ရတဲ့အတွက် အရမ်းဝမ်းသာမိပါတယ်”ဟု ပြောသည်။
ဆက်ပြီး သူက “AEON MALL ရဲ့ ဂျပန်၊ တရုတ်နဲ့ အာဆီယံဒေသတွင်းမှာ ရရှိထားတဲ့ ဈေးဝယ်စင်တာလုပ်ငန်း အတွေ့အကြုံ၊ ဗဟုသုတတွေနဲ့ မြန်မာနိုင်ငံက စားသုံးသူတွေကို အဆင့်မြင့်ဈေးဝယ်ဇုန်တွေ၊ အပန်းပြေဖျော်ဖြေရေး နေရာတွေနဲ့ ဒေသတွင်း လူမှုအသိုက်အဝန်းရဲ့ ပလက်ဖောင်းတခုကတဆင့် လူနေမှုပုံစံအတွေ့အကြုံသစ်တွေကို ကျနော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက ပေးအပ်နိုင်မယ်လို့ ယုံကြည်ပါတယ်”ဟု ဆိုသည်။
မြန်မာနိုင်ငံ၏ ပထမဦးဆုံး AEON MALL ကို ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် Aeon Mall Myanamr Co., Ltd. မှ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်သည်။ ၎င်းသည် အကြီးဆုံးသော ဈေးဝယ်စင်တာအဖြစ် ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရွှေလီလမ်းနှင့် ဧရာဝဏ်လမ်းထောင့်ရှိ မြေနေရာ (၁၇ ဒဿမ ၆၃၂ ဧက) ပေါ်တွင် တည်ရှိမည် ဖြစ်သည်။
အဆိုပါ ဈေးဝယ်စင်တာတွင် အထပ် ၅ ထပ် ပါရှိမည်ဖြစ်ပြီး စတုရန်းပေ စုစုပေါင်း ၁ ဒဿမ၂ သန်း ခန့် ရှိကာ ကားပါကင် ၂,၃၀၀ ခန့် ပါရှိမည် ဖြစ်သည်။ ၂၀၂၃ ခုနှစ်ဝန်းကျင်တွင် ဖွင့်လှစ်နိုင်ရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
AEON MALL သည် ဂျပန်နိုင်ငံတွင် အကြီးဆုံး ဈေးဝယ်စင်တာကြီးကို လည်ပတ်လုပ်ကိုင်လျက် ရှိသည့်အပြင် ဂျပန်အပါအဝင် နိုင်ငံတကာတွင် AEON MALL အမည်ဖြင့် ဈေးဝယ်စင်တာပေါင်း ၁၇၂ ခုကို ပိုင်ဆိုင် လုပ်ကိုင်လျက်ရှိသည်။
Junction သည် ၁၉၉၉ ခုနှစ်ကတည်းက ခေတ်မီဈေးဝယ်စင်တာကို မြန်မာနိုင်ငံတွင် ပထမဦးဆုံး စတင် မိတ်ဆက်ခဲ့ကာ ဆက်လက်၍ နိုင်ငံတွင်း ဈေးဝယ်စင်တာဖွံ့ဖြိုးရေးနှင့် စီမံခန့်ခွဲရေးလုပ်ငန်းများကို ဦးဆောင် လုပ်ကိုင်လျက်ရှိသည်။
You may also like these stories:
အင်္ဂလန်က စူပါမားကတ်တွေမှာ Mask တပ်ဖို့ တွန်းအားပေးခြင်း မရှိ
ပြင်သစ် Carrefour အုပ်စု မြန်မာ၌ ရင်းနှီးမြှုပ်နှံရန် ပြင်ဆင်