ဒုတိယကမ္ဘာစစ်မှာ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ အီတလီလူမျိုး စစ်ပြန်အဘိုးအိုဟာ တက္ကသိုလ်ကနေ ဘွဲ့ရသွားခဲ့ပါပြီ။ အသက် ၉၆ နှစ်အရွယ် မစ္စတာ Giuseppe Paterno ကို အီတလီနိုင်ငံရဲ့ အသက်အကြီးဆုံး ဘွဲ့ရသူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ငယ်ရွယ်စဉ်ကတည်းက ကလေးဘဝ ဆင်းရဲနွမ်းပါးမှု၊ ကမ္ဘာ့စစ်တွေနဲ့ နောက်ဆုံး ကမ္ဘာ့ကပ်ရောဂါအထိကို အဖြစ်ပျက်မျိုးစုံ ကြုံတွေ့ခဲ့ရပေမယ့် မဆုတ်မနစ် ကြိုးစားခဲ့ရာက Palermo တက္ကသိုလ်ကနေ သမိုင်းနဲ့ ဒဿနိကဗေဒ ဘွဲ့ကို ရယူနိုင်ခဲ့တာပါ။
မီးရထားဝန်ထမ်းဟောင်းတဦးဖြစ်ခဲ့တဲ့ မစ္စတာ Paterno ကို ဘွဲ့လက်မှတ်နဲ့အတူ ရိုးရာ သံလွင်ခတ်ဆောင်းပေးပြီး မိသားစုဝင်တွေ၊ တက္ကသိုလ်ဆရာတွေနဲ့ သူ့ထက် အသက် ၇၀ ကျော်ငယ်တဲ့ ကျောင်းနေဖက်တွေက ဂုဏ်ပြုလက်ခုပ်တီး ချီးမြှင့်ပေးခဲ့ကြပါတယ်။
“ကျနော်က တခြားသူတွေလို သာမန်လူ တယောက်ပါပဲ။ သူများတွေလို အသက်အရွယ်အလိုက် ဖြတ်သန်းခဲ့ပေမယ့် ဘွဲ့ရအောင်တော့ မလုပ်နိုင်ခဲ့ဘူး” လို့ မစ္စတာ Paterno က တက္ကသိုလ်ဘွဲ့ နောက်ကျမှ ယူနိုင်ခဲ့တာနဲ့ ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။
သူဟာ အသက် ၉၀ ကျော်အရွယ်မှာပဲ အီတလီနိုင်ငံက Palermo တက္ကသိုလ်မှာ သမိုင်းနဲ့ ဒဿနိကဗေဒ မေဂျာကို တက်ဖို့ လျှောက်လွှာတင်ခဲ့ပါတယ်။ မစ္စတာ Paterno ဟာ စာအုပ်တွေကို ချစ်မြတ်နိုးသူတယောက် ဖြစ်ပေမယ့် စာလေ့လာသင်ယူဖို့တော့ အခွင့်အရေး မရခဲ့ဘူးလို့ ဆိုပါတယ်။
“၂၀၁၇ မှာ ဘွဲ့အတွက် တက္ကသိုလ်လျှောက်ဖို့ ဆုံးဖြတ်လိုက်တယ်။ ၃ နှစ်တာ ပညာရပ်အတွက် အခုချိန်က နောက်ကျနေပြီဆိုတာ နားလည်ပေမယ့် “ငါလုပ်နိုင်မယ်ဆိုတာ ကြည့်မယ်လေ” ဆိုပြီး ကိုယ့်ကိုယ်ကို ပြန်ပြောခဲ့တယ်” လို့ မစ္စတာ Paterno က ဆိုပါတယ်။
၃ နှစ်တာ ကြိုးစားတက်ရောက် ပညာသင်ယူခဲ့အပြီး ၂၀၂၀ ခုနှစ်၊ ဇူလိုင် ၂၉ မှာ သင်ယူခဲ့တဲ့ဘာသာရပ်တွေနဲ့ အတန်းမှာ ထိပ်ဆုံးနေရာက အောင်မြင်ခဲ့တာကြောင့် Palermo တက္ကသိုလ်အဓိပတိ Fabrizio Micari ကိုယ်တိုင် ချီးကျူးဂုဏ်ပြုခဲ့ရသူပါ။
ငယ်ရွယ်စဉ်ကတည်းက ဆင်းရဲတဲ့ မိသားစုမှာ ကြီးပြင်းခဲ့ရကာ အခြေခံပညာအဆင့်ပဲ သင်ယူနိုင်ခဲ့တဲ့ မစ္စတာ Paterno ဟာ ဒုတိယကမ္ဘာစစ်အတွင်းက ရေတပ်မှာ တာဝန်ထမ်းဆောင်ခဲ့ပါသေးတယ်။ စစ်ကြီးပြီးဆုံးချိန်မှာ အိမ်ထောင်ကျခဲ့ပြီး မီးရထားဝန်ထမ်းဘဝနဲ့ ကလေး ၂ ယောက် ရခဲ့ပါတယ်။
ကမ္ဘာ့စစ်ကြီးနောက်ပိုင်း တခြားသူတွေ မိသားစု၊ စီးပွားရေးအခြေအနေ ပြန်တည်ဆောက်နေချိန်မှာ မစ္စတာ Paterno ကတော့ အသက် ၃၁ နှစ်အရွယ် အထက်တန်းပညာကို လေ့လာသင်ယူခဲ့ပြီး အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။
အသက် ၂၀ အရွယ် အတန်းဖော်တွေကြားထဲမှာ မစ္စတာ Paterno ကတော့ ကျောင်းပညာရပ် လေ့လာစရာတွေကို Google ကနေ ရှာဖွေတာအစား စာအုပ်ဖတ်ပြီး လေ့လာရတာကို သဘောကျနှစ်ခြိုက်သလို ၁၉၈၄ ခုနှစ်မှာ မီးရထားဝန်ထမ်းဘဝ အနားယူချိန်မှာ မိခင်ဖြစ်သူ လက်ဆောင်ပေးခဲ့တဲ့ typewriter လေးနဲ့ပဲ ခုချိန်ထိ စာရေးရတာကို သဘောကျနေပါတယ်။
“အသိပညာ ဗဟုသုတဆိုတာ ကျနော် ဘယ်နေရာမဆို သယ်သွားလို့ရတဲ့ အိတ်တလုံးနဲ့ တူပါတယ်။ တကယ့်ကို အဖိုးမဖြတ်နိုင်တဲ့ ရတနာပါ” လို့ သူက ပြောပြခဲ့ပါတယ်။ သူ့အတွက် အခက်ခဲဆုံးကတော့ COVID-19 ကပ်ရောဂါကြောင့် အတန်းတွေ ပိတ်လိုက်ချိန်မှာ အွန်လိုင်းကနေ ဗီဒီယိုနဲ့ စာသင်ကြားရချိန်ပါလို့ ဆိုပါတယ်။
မစ္စတာ Paterno ရဲ့ ပရော်ဖက်ဆာတဦးဖြစ်သူ Francesca Rizzuto က ဇွန်လမှာ သူ့ရဲ့ နောက်ဆုံးနှုတ်ဖြေ စာမေးပွဲအပြီး “အဘိုးကတော့ လူငယ်ကျောင်းသားတွေရဲ့ စံပြပါပဲ” လို့ ချီးကျူးခဲ့ပါတယ်။
Ref: abc News
You may also like these stories:
မလေးရှားမှာ ပြည်တော်ပြန် ကျောင်းသားတွေကို Quarantine အခမဲ့ မထားဟုဆို
လန်ဒန်ရှိ အထင်ကရ လည်ပတ်စရာနေရာတွေ ပြန်ဖွင့်ပြီ
တောင်ကိုရီးယားမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူသေဆုံးမှု ဖြစ်ပွား