အမေရိကန်နိုင်ငံမှာ COVID-19 ကူးစက်မှုနှုန်း မြင့်တက်နေပြီး လူသေဆုံးမှုလည်း များပြားနေပါတယ်။ အမေရိကန်မှာ လက်ရှိ ကူးစက်သူ အရေအတွက် ၅ သန်းနီးပါးရှိနေပြီး သေဆုံးသူ အရေအတွက် ၁၆၀,၀၀၀ ကျော်အထိ ရှိလာခဲ့ပါတယ်။
လူသေဆုံးမှုတွေ မြင့်တက်နေပေမယ့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ COVID-19 ကို ထိန်းချုပ်နိုင်အောင် ကြိုးစားဆောင်ရွက်နေတယ်လို့ ပြောကြားခဲ့ပါတယ်။
“အမေရိကန်နိုင်ငံမှာ COVID-19 ကြောင့် လူတွေ သေဆုံးနေရပါတယ်။ ဒါပေမဲ့လည်း အမေရိကန်အစိုးရအနေနဲ့ ထိန်းချုပ်ဖို့ မကြိုးစားဘူး ဆိုတာကတော့ မဟုတ်ပါဘူး။ အစိုးရအနေနဲ့ ရောဂါ ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေပြီး ထိန်းချုပ်မှုတခုအောက်မှာ ထားနိုင်ခဲ့ပါတယ်။ တကယ်တော့ COVID-19 က ဆိုးဝါးတဲ့ ကပ်ရောဂါ တခုပါပဲ”လို့ သမ္မတ ထရမ့်က ပြောကြားခဲ့ပါတယ်။
အမေရိကန်နိုင်ငံမှာ ရောဂါကူးစက်မှုတွေ မြင့်တက်နေပေမယ့် ကျောင်းတွေ ပြန်ဖွင့်ဖို့ သမ္မတရဲ့ Twitter အကောင့်မှာ ဖော်ပြထားပါတယ်။ ပြည်နယ် ဒါဇင်လောက်မှာလည်း ကူးစက်မှုတွေ မြင့်တက်နေတဲ့အတွက် ကျောင်းတွေ ပြန်ဖွင့်ဖို့ကို နောက်ဆုတ်ဖို့ ပြင်ဆင်နေကြပါတယ်။
အိမ်ဖြူတော်ရဲ့ COVID-19 ကူးစက်မှု ညွှန်ကြားရေးမှူးဖြစ်သူ ဒေါက်တာ Deborah Birx ကလည်း အမေရိကန်နိုင်ငံရဲ့ ကျေးလက်ဒေသတွေနဲ့ မြို့ကြီးတွေမှာ ရောဂါကူးစက်မှု ဆက်လက်မြင့်တက်နေဆဲပဲလို့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကလည်း တရက်အတွင်း လူ ၁၀၀၀ ကျော် သေဆုံးခဲ့ရပါတယ်။ ဒါပေမဲ့လည်း ဒေါ်နယ်ထရမ့်ကတော့ သေဆုံးမှုနှုန်းဟာ အမေရိကန် လူဦးရေ အချိုးအစားကို ပြောင်းလဲပေးနိုင်မှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။ အနောက်နိုင်ငံတွေထဲမှာတော့ အမေရိကန်နိုင်ငံက COVID-19 ကပ်ရောဂါကို အဆိုးဆုံး ခံစားနေရတဲ့ နိုင်ငံတနိုင်ငံပါ။
Axios သတင်းဌာနနဲ့ အင်တာဗျူးတခုမှာတော့ ရောဂါကူးစက်မှုတွေကို အများအပြား စမ်းသပ်လာနိုင်တဲ့အတွက် ကူးစက်သူ အရေအတွက် ပိုမိုများပြားလာနေရတာလို့ သမ္မတ ထရမ့်က ဖြေကြားသွားခဲ့ပါ တယ်။ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေကတော့ လူအားလုံးကို စမ်းသပ် စစ်ဆေးတာမျိုး လုပ်ဆောင်နိုင်ပေးနိုင်ခြင်း မရှိသေးဘူးလို့ ပြောကြားထားပါတယ်။
လက်ရှိအချိန်မှာတော့ ကမ္ဘာတဝှမ်း COVID-19 ရောဂါ ကူးစက်ခံထားရသူပေါင်း ၁၈ ဒဿမ ၇ သန်းကျော် ရှိနေပြီး လူ ၇ သန်းကျော် သေဆုံးခဲ့ပါတယ်။
Ref: jpost
You may also like these stories:
မလေးရှားမှာ ပြည်တော်ပြန် ကျောင်းသားတွေကို Quarantine အခမဲ့ မထားဟုဆို
တောင်ကိုရီးယားမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူသေဆုံးမှု ဖြစ်ပွား
လန်ဒန်ရှိ အထင်ကရ လည်ပတ်စရာနေရာတွေ ပြန်ဖွင့်ပြီ