COVID-19 ရောဂါကို ထိန်းချုပ်နိုင်ပြီလို့ ထင်ခဲ့တဲ့ ဗီယက်နမ်နိုင်ငံမှာ ကူးစက်လူနာတွေ ပိုပြီးများပြားလာနေပါတယ်။ ဒါကြောင့်လည်း ဗီယက်နမ်နိုင်ငံ၊ ဒါနန်းမှာရှိတဲ့ အားကစားရုံကို ကုတင် ၁၀၀၀ ဆန့်ဆေးရုံအဖြစ် ပြောင်းလဲလိုက်ပါတယ်။ ဗီယက်နမ် ကျန်းမာရေးဝန်ကြီးဌာနကတော့ မကြာခင် ဒါနန်းမှာကူးစက်လူနာသစ်တွေ လျှော့ကျသွားမယ်လို့ ပြောပါတယ်။
ဗီယက်နမ်နိုင်ငံအနေနဲ့ COVID-19 ရောဂါကို ကာလအတန်ကြာ ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ထိရောက်တဲ့နည်းလမ်းတွေကို ဆောင်ရွက်နိုင်ခဲ့တဲ့ အတွက်ကြောင့်လည်း ပြည်တွင်းကူးစက်မှုကို ထိန်းချုပ်နိုင်ခဲ့ပါ တယ်။ ဒါပေမဲ့လည်း ပြည်တွင်းခရီးသွားလုပ်ငန်းတွေ စတင်ပြီး မကြာခင်မှာပဲ ကူးစက်မှုတွေ ပြန်လည် ဖြစ်ပေါ်ခဲ့ပါတယ်။ ဇူလိုင်လ ၂၅ ရက်နေ့မှာတော့ ဒါနန်းမြို့မှာ ပြည်တွင်းကူးစက်မှု ပြန်လည် စတင်ခဲ့ပြီး လက်ရှိအချိန်မှာတော့ လူ ၂၀၀ ကျော် ကူးစက်ခံထားရတယ်လို့ သိရပါတယ်။
ဗီယက်နမ် အာဏာပိုင်တွေအနေနဲ့လည်း နောက်လာမယ့် ၁၀ ရက်အတွင်း ရောဂါကူးစက်မှု အခြေ အနေက အမြင့်ဆုံးကို ရောက်ရှိလာနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ဗီယက်နမ်နိုင်ငံမှာ ကူးစက်လူနာ ၇၄၇ ယောက် ရှိနေပြီး သေဆုံးသူ ၁၀ ယောက်အထိ ရှိလာခဲ့ပါတယ်။
အရင်ကတော့ ဗီယက်နမ်နိုင်ငံဟာ COVID-19 ကြောင့် သေဆုံးသူ မရှိတဲ့ နိုင်ငံစာရင်းထဲ ဝင်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာတော့ ပြည်တွင်းကူးစက်မှု လျော့ကျလာသလို သေဆုံးသူ အရေအတွက်ကလည်း ဗီယက်နမ်နိုင်ငံထက် နည်းပါတယ်။ ဒါပေမဲ့လည်း COVID-19 ဟာ ပေါ့ဆလို့မရတဲ့ ကပ်ရောဂါဖြစ်တဲ့အတွက် ဘယ်အချိန်မဆို ပြည်တွင်းကူးစက်မှုတွေ ပြန်လည် ဖြစ်ပေါ်နိုင်တဲ့ ရောဂါတမျိုးပါ။
မနေ့ကအထိ ကမ္ဘာတဝှမ်းမှာ COVID-19 ကူးစက်လူနာ ၁၈ ဒဿမ ၉ သန်းသာ ရှိခဲ့ပေမယ့် ဒီကနေ့မနက်ခင်းပိုင်း ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ ၁၉ ဒဿမ ၂ သန်း ကျော်သွားခဲ့ပါပြီ။
ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာလည်း ဗီယက်နမ်နိုင်ငံမှာ ပြည်တွင်းကူးစက်မှု ၃၄ ယောက်အထိ ရှိခဲ့ပါတယ်။ ဗီယက်နမ်နိုင်ငံမှာ အများစု ကူးစက်နေတာကတော့ ဒါနန်းမြို့ပါ။ ဒါကြောင့်လည်း ကျန်းမာရေးဝန်ထမ်း ၁၀၀၀ ကျော် ဒါနန်းမြို့မှာ COVID-19 ကုသနိုင်ဖို့ ဆောင်ရွက်ပေးနေပါတယ်။
Ref: CAN, thejakartapost
You may also like these stories:
မလေးရှားမှာ ပြည်တော်ပြန် ကျောင်းသားတွေကို Quarantine အခမဲ့ မထားဟုဆို
ဗီယက်နမ်မှာ ပထမဆုံးအကြိမ် ကိုဗစ်ကြောင့် လူသေဆုံး
အီဂျစ်မှာ ထိုင်းကျောင်းသားတဦး ကိုဗစ်ကြောင့် သေဆုံး