အာဏာပိုင်တွေရဲ့ ပြောပြချက်အရ သြစတြေးလျကြည်းတပ် စစ်ရဟတ်ယာဉ်တစင်းက မိုက်ခရိုနီးရှားက လူသူ အရောက်အပေါက် မရှိတဲ့ ကျွန်းတကျွန်းပေါ်ကနေ ကယ်ဆယ်နိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ အမျိုးသားတွေဟာ ဇူလိုင် ၃၀ မှာ မိုက်ခရိုနီးရှားထဲက Pulawat ကျွန်းကနေ ၇ မီတာအရှည်ရှိတဲ့လှေနဲ့ ၄၃ ကီလိုမီတာ (၂၇ မိုင်) ကွာဝေးတဲ့ Pulap ကျွန်းကို ထွက်လာခဲ့ကြရင်း ဆီကုန်သွားခဲ့တာဖြစ်ပါတယ်။ သွားမယ့်ကျွန်းနဲ့ ၁၉၀ ကီလိုမီတာ (၁၁၈ မိုင်) ဝေးတဲ့ လူမနေတဲ့ Pikelot ကျွန်းပေါ်မှာ သောင်တင်နေခဲ့တာပါ။
ပျောက်ဆုံးနေသူ ၃ ယောက်လုံး ကျန်းမာရေးအခြေအနေ ကောင်းမွန်ပြီး သြစတြေးလျစစ်ရဟတ်ယာဉ်က ကျွန်းပေါ်ကို ဆင်းသက်ကာ လိုအပ်တဲ့ ရေနဲ့အစားအစာတွေ ပေးဝေခဲ့ပါတယ်။ မိုက်ခရိုနီးယားပိုင်သင်္ဘောက လာရောက် ခေါ်ယူသွားမှာ ဖြစ်ပါတယ်။
ဂူအမ်အခြေစိုက် လေတပ်စခန်းကနေ ထွက်ခွာလာတဲ့ အမေရိကန်စစ်လေယာဉ် KC-137 ဆီတင်ယာဉ်က ၃ နာရီအကြာ ရှာဖွေအပြီးမှာ ပျောက်ဆုံးနေတဲ့ မိုက်ခရိုနီးရှားလူမျိုး ၃ ဦးကို ပထမဆုံးတွေ့ရှိခဲ့တာဖြစ်တယ်လို့ အခြေစိုက်စခန်းရဲ့ Facebook စာမျက်နှာမှာ ရေးသားထားပါတယ်။

“ကျနော်တို့ ကျွန်းပေါ်မှာ အချက်ပြသင်္ကေတ SOS ကို တွေ့လိုက်တာပါ။ ဒါကြောင့် ကျွန်းနားကို သွားစစ်ဆေးကြည့်ပြီး သြစတြေးလျရေတပ်ကို အကူအညီ လှမ်းတောင်းလိုက်ပါတယ်။ သူတို့က အဲ့ဒီ့နေရာနားမှာ စစ်ရဟတ်ယာဉ် ၂ စင်းရှိနေတော့ ကျွန်းပေါ် ဆင်းခိုင်းပြီး အကူညီပေးလို့ ရသွားတယ်” လို့ KC-137 ရဲ့ Pilot ဒုဗိုလ်မှူးကြီး Jason Palmeira-Yen က ပြောပြခဲ့ပါတယ်။
ဂူအမ်ကနေ ရှာဖွေကယ်ဆယ်သူတွေက သြစတြေးလျနိုင်ငံဘက်ကို အကူအညီ ထပ်လှမ်းတောင်းခဲ့တာကြောင့် ဟာဝိုင်အီကျွန်းကနေ စစ်ရေးလေ့ကျင့်ပြီး ကမ်ဘာရာဆီ ပြန်လာနေတဲ့ စစ်သင်္ဘောကို ဂူအမ်မှာ ရှာဖွေရေး လုပ်နေတဲ့ အမေရိကန် စစ်တပ်နဲ့ ပူးပေါင်းပြီး ရှာဖွေခဲ့တာလို့ သြစတြေးလျစစ်ဘက်က ဆိုပါတယ်။
Ref: edition.cnn