အမေရိကန်မှာ နေ့စဉ်ဆိုသလို COVID-19 ကူးစက်သူ အရေအတွက် မြင့်တက်နေသလို သေဆုံးသူ အရေအတွက်ကလည်း ပိုမိုများပြားလာနေပါတယ်။ လွန်ခဲ့တဲ့ ၃ လကစပြီး အမေရိကန်မှာ သေဆုံး သူအရေအတွက် မြင့်တက်လာခဲ့ပါတယ်။
Johns Hopkins တက္ကသိုလ်ရဲ့ ထုတ်ပြန်ချက်အရ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း အမေရိကန်နိုင်ငံမှာ COVID-19 ကြောင့် သေဆုံးသူ အရေအတွက် ၂၀၆၀ ယောက် ရှိခဲ့တယ်လို့ သိရပါတယ်။ အခြားဘက်က ကြည့်မယ်ဆိုရင်လည်း မက္ကဆီကိုနိုင်ငံမှာ သေဆုံးသူ အရေအတွက် ၅၀၀၀ ကျော် အထိ မြင့်တက်ခဲ့ပြီး အာဖရိကတိုက်ကို ကြည့်မယ်ဆိုရင်လည်း ကူးစက်သူ လူဦးရေ ၁ သန်းကျော် အထိ မြင့်တက်လာခဲ့ပါတယ်။
အာဖရိကတိုက်မှာ ကူးစက်မှု အများဆုံးကတော့ တောင်အာဖရိကနိုင်ငံဖြစ်ပြီး အမေရိကန်၊ ဘရာဇီး၊ အိန္ဒိယ၊ ရုရှားပြီးရင် ပဉ္စမမြောက် ကူးစက်မှု အများဆုံးနိုင်ငံပါပဲ။ လက်ရှိ အချိန်မှာတော့ တောင်အာဖရိကနိုင်ငံမှာ ကူးစက်သူ အရေအတွက် ၅ သိန်းကျော် ရှိနေပြီး သေဆုံးသူ အရေအတွက်ကတော့ ၁ သောင်းနီးပါးအထိ ရှိလာခဲ့ပါတယ်။
AFP သတင်းဌာနရဲ့ဖော်ပြချက်အရ ကမ္ဘာတဝှမ်း ကူးစက်လူနာ ၁၉ သန်းကျော် ရှိနေပြီး သေဆုံးသူအရေအတွက် ၇ သိန်းကျော် ရှိခဲ့ပါတယ်။ တရားဝင် ကိန်းဂဏန်းတွေအရ လက်တင် အမေရိကနဲ့ အိန္ဒိယမှာလည်း ကူးစက်သူ အရေအတွက် ပိုမိုမြင့်မားလာခဲ့ပါတယ်။
သေဆုံးမှု အများနိုင်ငံကတော့ အမေရိကန်နိုင်ငံဖြစ်ပြီး ဘရာဇီးနိုင်ငံကလည်း သေဆုံးသူ အရေအတွက် ၁ သိန်းနီးပါးအထိ ရှိလာခဲ့ပါတယ်။ တကမ္ဘာလုံး အတိုင်းအတာအရ ဆိုရင်လည်း COVID-19 ဖြစ်ပွားမှုမှာ အမေရိကန်နဲ့ ဘရာဇီးနိုင်ငံက ၄၀ ရာခိုင်နှုန်းအထိ ရှိနေပါတယ်။
တရုတ်နိုင်ငံမှာ COVID-19 ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဥရောပနိုင်ငံတွေမှာ လူသေဆုံးမှု ၂ သိန်းကျော် အထိ ရှိခဲ့ပါတယ်။ သြစတြေးလျနိုင်ငံရဲ့ ဒုတိယအကြီးဆုံး မြို့တော်ဖြစ်တဲ့ မဲလ်ဘုန်းမြို့ကိုလည်း COVID-19 ဒုတိယလှိုင်းကြောင့် မြို့ကို Lockdown ပြန်ချထားခဲ့ပြီး စီးပွားရေးလုပ်ငန်းတွေ အားလုံး ကိုလည်း ရပ်ဆိုင်းထားခဲ့ရပါတယ်။
အမေရိကန်နိုင်ငံမှာ COVID-19 ကူးစက်မှုနဲ့ လူသေဆုံးမှု များပြားနေပေမယ့် သမ္မတ ဒေါ်နယ်ထရမ့် ကတော့ ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ပြီလို့ ပြောကြားခဲ့ပါတယ်။ အိမ်ဖြူတော်ရဲ့ COVID-19 ကူးစက်မှု ထိန်းချုပ်ရေးမှူးဖြစ်သူ ဒေါက်တာ Deborah Birx ကလည်း အမေရိကန်နိုင်ငံရဲ့ ကျေးလက်ဒေသတွေနဲ့ မြို့ကြီးတွေမှာ ရောဂါကူးစက်မှု ဆက်လက် မြင့်တက်နေဆဲဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
Ref: CNA
You may also like these stories:
ပစိဖိတ်သမုဒ္ဒရာထဲက ကျွန်းပေါ်မှာ သောင်တင်နေသူ ၃ ဦးကို ကယ်ဆယ်
ကိုဗစ်ကြောင့် ဗီယက်နမ်အားကစားရုံကို ဆေးရုံအဖြစ် ပြောင်းလဲ
၄၅ ရက်အတွင်း TikTok နဲ့ WeChat ကို ပိတ်မယ်လို့ သမ္မတ ထရမ့် အမိန့်ထုတ်