လစ်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့က ပြင်းထန်တဲ့ ပေါက်ကွဲမှုကြီး ဖြစ်ပွားခဲ့ပြီးနောက် ပျောက်ဆုံး၊ ဒဏ်ရာအနာတရ ဖြစ်ကျန်နေတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေကို ပရဟိတ အဖွဲ့တခုက ကူညီစောင့်ရှောက်ပေးနေပါတယ်။ အယောက် ၁၉၀ ကျော်ရှိတဲ့ အဆိုပါအဖွဲ့က အပျက်အစီးပုံတွေနဲ့ ပြည့်နေတဲ့မြို့ထဲမှာ ပျောက်ဆုံးနေတဲ့ အိမ်မွေး တိရစ္ဆာန်တွေကို ပြန်ရှာပေးနေတာပါ။
Animals Lebanon ပရဟိတ အဖွဲ့အစည်းက ပေါက်ကွဲမှုကြောင့် ပိုင်ရှင်ဆုံးပါးသွားတဲ့ အိမ်မွေးတိရစ္ဆာန်တွေ၊ အပျက်အစီးပုံကြား ပိတ်မိနေတာတွေနဲ့ ပိုင်ရှင်နဲ့ကွဲပြီး လမ်းပေါ်မှာ ဒဏ်ရာအနာတရဖြစ်နေတဲ့ အိမ်မွေး တိရစ္ဆာန်လေးတွေကို ရှာဖွေကယ်ဆယ် စောင့်ရှောက်ပေးထားပါတယ်လို့ Executive Director ဖြစ်သူ Jason Mier က ရှင်းပြပါတယ်။
သူတို့အဖွဲ့အတွက် စိတ်ချမ်းသာရဆုံး အချိန်ကတော့ ကွဲကွာနေတဲ့ ပိုင်ရှင်နဲ့ ပြန်ဆုံစည်းပေးနိုင်တဲ့ အခိုက်တန့်ပါပဲလို့ ဆိုပါတယ်။ “ပေါက်ကွဲမှုကြီးကြောင့် ဆုံးရှုံးသွားတဲ့သူတွေအတွက် ပျော်ရွှင်မှု အနည်းအကျဉ်းအဖြစ် ဆောင်ကြဉ်းပေးနိုင်တာ တကယ့်ကို အကျိုးရှိတဲ့ လုပ်ရပ်ပါပဲ” လို့ Mier က ပြောပြပါတယ်။
Animals Lebanon ရဲ့ ရုံးခန်းနေရာက အင်္ဂါနေ့က ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုကြီးကနေ ၂ မိုင်ခွဲအကွာမှာ ရှိပါတယ်။ ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ရုံးခန်း မှန်တံခါးတွေ ကွဲကုန်ပြီး အထဲက တိရစ္ဆာန်တွေပါ ဒဏ်ရာတွေရခဲ့တယ်လို့ ဆိုပါတယ်။
ပေါက်ကွဲမှု မဖြစ်ခင်က လူ ၅ ဦးလောက်သာ ရှိခဲ့တဲ့ Animals Lebanon အဖွဲ့ဟာ ပေါက်ကွဲမှုဖြစ်ပြီးနောက် volunteer လုပ်သူတွေနဲ့ တိုးလာကာ အခုဆိုရင် အယောက် ၁၉၀ ကျော်သွားပါပြီ။ Mier ရဲ့ ပြောပြချက်အရ အဖွဲ့ကနေ စောင့်ရှောက်ပေးနေတဲ့ တိရစ္ဆာန်တွေအတွက် လိုအပ်တဲ့ အစားအစာနဲ့ ပစ္စည်းတွေကို နိုင်ငံတကာက အလှူငွေတွေနဲ့ လည်ပတ်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဖွဲ့ဝင်အင်အား တိုးလာတာကြောင့် ထိခိုက်မှုအများဆုံး ဖြစ်ပွားခဲ့တဲ့ နေရာတွေကို ရှာဖွေပေးနိုင်ချိန် ပိုများသွားတယ်လို့ Mier က ဆိုပါတယ်။
“တမြို့လုံး ဖန်ကွဲစတွေနဲ့ ညစ်ပတ်သွားတာပဲ။ အမှိုက်တွေလည်း နေရာတိုင်းမှာ ပြန့်ကျဲနေတာပါ။ လျှပ်စစ်နဲ့ ရေလည်း ပြတ်တောက်နေတယ်။ ပိုက်ဆံတွေလည်း ဘဏ်ကနေ ထုတ်လို့မရကြသေးဘူး။ တကယ့်ကို အခြေအနေဆိုးကြီးပါ။ ဒီအခြေအနေက ဘယ်လိုပြန်ကောင်းလာမလဲဆိုတာ ခုချိန်ထိ နားမလည်နိုင်သေးဘူး” လို့ Mier က ပေါက်ကွဲမှုကြီးအပြီး အခြေအနေကို ပြောပြခဲ့ပါတယ်။
အရင်နေ့က ပရဟိတအဖွဲ့တွေ ကားထဲမှာ ပိတ်မိနေတဲ့ ကြောင်လေးတကောင်ကို ရှာတွေ့ခဲ့ပြီး စောင့်ရှောက်ထားရာက အခုတော့ ပိုင်ရှင်နဲ့ ပြန်ဆုံတွေ့သွားကြပါပြီ။ “တကယ် မယုံနိုင်စရာပါပဲ။ ကျမ သူ့ကို နေရာတိုင်း လိုက်ရှာနေခဲ့တာ” လို့ ကြောင်ပိုင်ရှင်က ပြောပြပါတယ်။
Ref: edition.cnn