ထိုင်းနိုင်ငံအနေနဲ့ ပြည်တွင်းကူးစက်မှု မရှိတာ ၂ လကျော် ကြာမြင့်ခဲ့ပါပြီ။ ဒါကြောင့်လည်း လာမယ့် ကြာသပတေးနေ့ကစပြီး ထိုင်းနိုင်ငံရဲ့ စာသင်ကျောင်းတွေအားလုံးကို ပြန်လည် ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။ ကျောင်းတွေ ပြန်ဖွင့်တဲ့အခါ Social Distancing လို ကန့်သတ်ချက်မျိုးတွေ ဖယ်ရှားသွားမယ်လို့ ထိုင်းနိုင်ငံရဲ့ ပညာရေးဝန်ကြီးဖြစ်သူ Nataphol Teepsuwan က ပြောပါတယ်။
ထိုင်းနိုင်ငံရဲ့ဝန်ကြီးချုပ်ဖြစ်သူ ပရာရွတ်ချန်အိုချာကလည်း COVID-19 စည်းကမ်းချက်တွေကို ဖယ်ရှားပေးသွားမယ်လို့ ပြီးခဲ့တဲ့ တနင်္လာနေ့က ပြောကြားခဲ့ပါတယ်။ ထိုင်းနိုင်ငံရဲ့ စာသင်ကျောင်းတွေကို ဇူလိုင်လ အစောပိုင်းကတည်းက ပြန်လည် ဖွင့်လှစ်ခဲ့ပါတယ်။
ဒါပေမဲ့လည်း စာသင်ခန်း တခန်းကို ကျောင်းသား ၂၅ သာ လက်ခံခဲ့ပြီး Social Distancing စည်းကမ်းချက်ကိုလည်း လိုက်နာခဲ့ပါတယ်။ ကျောင်းသားတွေ များပြားတာကြောင့် စာသင်ကျောင်းတွေကိုလည်း အချိန်ခွဲပြီး တက်စေခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာမေလ ၂၆ ရက်နေ့ကစပြီး ပြည်တွင်းကူးစက်မှု မရှိခဲ့တဲ့အတွက် COVID-19 ကို အကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာတော့ အရှေ့အလယ်ပိုင်းနိုင်ငံတွေနဲ့ ဂျပန်နိုင်ငံက ပြန်လာသူတွေမှာ COVID-19 တွေ့ရှိခဲ့ပြီး အားလုံးကလည်း Quarantine ဝင်နေကြသူတွေ ဖြစ်ပါတယ်။ COVID-19 ရောဂါ ကူးစက်မှု ထိန်းချုပ်မှုစင်တာက ပြောခွင့်ရပုဂ္ဂိုလ် Taweesilp Visanuyothin ကလည်း အီဂျစ်နိုင်ငံကပြန်လာကြတဲ့ ထိုင်းနိုင်သား ၄ ယောက်မှာ ရောဂါပိုး တွေ့ရှိခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
သူတို့ ၄ ယောက်စလုံးဟာ ဇူလိုင် ၂၄ ရက်နေ့ က ထိုင်းနိုင်ငံကို ပြန်လာကြသူတွေ ဖြစ်ပြီး လေယာဉ်တစီးတည်း စီးလာခဲ့ကြသူတွေလို့ သိရပါတယ်။ လက်ရှိ ရက်ပိုင်းအတွင်း ထိုင်းနိုင်ငံကို ပြန်လာကြတဲ့ ကူးစက် လူနာသစ်တွေထဲမှာ ဆော်ဒီအာရေဗျနိုင်ငံက ၁၀ ရာခိုင်နှုန်း၊ အီဂျစ်နိုင်ငံက ၁၂ ရာခိုင်နှုန်းနဲ့ ဂျပန်နိုင်ငံက ၁ ဒဿမ ၅ ရာခိုင်နှုန်း ရှိနေပါတယ်။
ထိုင်းနိုင်ငံမှာ ရောဂါကူးစက်ခံနေရသူပေါင်း ၃,၃၄၅ ယောက် ရှိနေပြီး ကျန်းမာရေး ပြန်လည် ကောင်းမွန်လာခဲ့သူ ၃,၁၄၈ ယောက် ရှိနေပါတယ်။ ဆေးကုသမှု ခံယူနေသူကတော့ ၁၃၉ ယောက် ရှိနေတယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကမ္ဘာတဝှမ်း ကူးစက်လူနာသစ် ၃ သိန်းနီးပါးအထိ ရှိလာခဲ့ပါတယ်။
Ref: chiangraitimes
You may also like these stories:
နယူးဇီလန်မှာ ကိုဗစ် ပြည်တွင်းကူးစက်မှု မရှိတာ ရက်ပေါင်း ၁၀၀ ကျော်ပြီ
ယူအေအီးတွင် COVID-19 ကာကွယ်ဆေး ထုတ်လုပ်နိုင်ရန် နီးစပ်နေပြီ
ဘေရွတ်ပေါက်ကွဲမှုအပြီး အိမ်မွေးတိရစ္ဆာန်တွေကို စောင့်ရှောက်ပေးနေတဲ့ ပရဟိတအဖွဲ့