ဗီယက်နမ်နိုင်ငံဟာ COVID-19 ဒုတိယလှိုင်းကို ရင်ဆိုင်နေရပါတယ်။ ၃ လကျော် ကြာမြင့်တဲ့အထိ ထိန်းချုပ်ထားနိုင်ခဲ့ပေမယ့် ဒါနန်းမြို့မှာ ကူးစက်မှုတွေ တကျော့ပြန် ဖြစ်ပွားခဲ့ပါတယ်။
ကမ္ဘာတဝှမ်းမှာလည်း COVID-19 ရောဂါ ကူးစက်ခံရသူ ၂၀ ဒဿမ ၅ သန်းကျော်သွားခဲ့ပြီ ဖြစ်သလို ဗီယက်နမ်နိုင်ငံမှာလည်း ကူးစက်သူ ၈၆၆ ယောက်အထိ ရှိသွားခဲ့ပါပြီ။ ကိုဗစ် အစပိုင်းကာလအတွင်း ဗီယက်နမ်နိုင်ငံမှာ သေဆုံးသူ မရှိခဲ့ပေမယ့် ဒုတိယလှိုင်းမှာတော့ သေဆုံးသူ ၁၇ ယောက်အထိ ရှိလာခဲ့ပါတယ်။
ဒါကြောင့်လည်း မီးရထား၊ လေယာဉ်အပါအဝင် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ အားလုံးကို ယာယီ ရပ်ဆိုင်းလိုက်ပါတယ်။ ဒါနန်းမြို့မှာ ခွင့်ပြုထားတဲ့ ယာဉ်တွေကတော့ လူနာတင်ယာဉ်၊ အလုပ်သမား၊ အစားအစာနဲ့ ဆောက်လုပ်ရေးပစ္စည်းတင် ယာဉ်တွေသာ ဖြစ်ကြောင်း ဗီယက်နမ် သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ အင်္ဂါနေ့ညမှာ ကြေညာခဲ့ပါတယ်။
ဒါနန်းမြို့ အာဏာပိုင်တွေကလည်း Social Distancing စည်းကမ်းကို နောက်ထပ် ၂ ပတ်ကြာတဲ့အထိ တိုးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ မရှိမဖြစ် ပစ္စည်းတွေ ဝယ်ယူဖို့ ဈေးဝယ်ထွက်မယ်ဆိုရင်တောင် ၃ ရက်မှ တကြိမ် ဝယ်ယူခွင့် ရှိပါတယ်။ လူဦးရေ ၁ ဒဿမ ၁ သန်းနေထိုင်တဲ့ ဒါနန်းမြို့ဟာ တကျော့ပြန် COVID-19 အန္တရာယ်ကို ရင်ဆိုင်နေရပြီး အားကစားရုံတွေကိုလည်း ဆေးရုံအဖြစ် ပြောင်းလဲခဲ့ရပါတယ်။
ခရီးသွားလာခွင့် ကန့်သတ်ချက်တွေကြောင့် ဒါနန်းမြို့မှာ သောင်တင်နေတဲ့ နိုင်ငံခြားသား ၁၇၀၀ ကို ဇူလိုင် ၂၈ ရက်နေ့ကစပြီး ကြာသပတေးနဲ့ သောကြာနေ့တွေမှာ ကယ်ဆယ်ရေးလေယာဉ် ၇ စီးနဲ့ ဟိုချီမင်း၊ ဟနွိုင်းမြို့တွေကို သယ်ဆောင်ဖို့ စီစဉ်ထားပါတယ်။ ကယ်ဆယ်ရေး လေယာဉ်နဲ့ ရောက်ရှိလာတဲ့ နိုင်ငံခြားသား ခရီးသွားတွေအားလုံး ၁၄ ရက် Quarantine ဝင်ကြရပါမယ်။
၃ ရက် တကြိမ် ဈေးဝယ်ထွက်တဲ့ လူတွေကို ၁၅ ရက်စာအတွက် ကူပွန် ၅ ခု ပေးထားတယ်လို့ ဒါနန်း ဒေသခံတွေက ပြောပါတယ်။ ဒုတိယလှိုင်း စတင်ပြီးနောက် ဒါနန်းမြို့အပြင် အခြား ၁၅ မြို့မှာလည်း လူပေါင်း ၄၀၅ ယောက် ရောဂါ ကူးစက်ခံထားရပါတယ်။ ကူးစက်ခံရသူတွေ အားလုံးက ဒါနန်းကနေ ကူးစက်ခံရသူတွေပါပဲ။
Ref: e.vnexpress.net
You may also like these stories:
Social Distancing ဖယ်ရှားပြီး ထိုင်းမှာ ကျောင်းများအားလုံး ပြန်ဖွင့်မည်
ကမ္ဘာ့ပထမဆုံး ကိုဗစ် ကာကွယ်ဆေးကို ရုရှားနိုင်ငံက မှတ်ပုံတင်လိုက်ပြီ
ဖိလစ်ပိုင်လေကြောင်း ခရီးသည်များ မျက်နှာကာများ တပ်ဆင် စီးနင်းရမည်