ဘရာဇီး၊ အမေဇုန်သစ်တော မီးလောင်မှုတွေကို အစိုးရဘက်က လိုက်လံ တားမြစ်နေသော်ငြားလည်း မနှစ်ကထက်စာရင် မီးလောင်ကျွမ်းမှု အခြေအနေက ပိုမိုဆိုးရွားလာတာကြောင့် ကမ္ဘာပေါ်က တန်ဖိုးအကြီးဆုံး အရင်းအမြစ်ရဲ့ ပျက်စီးဆုံးရှုံးမှုက မြင့်မားလာနေပါပြီ။
မနှစ်က အမေဇုန်သစ်တောကြီးမှာ လောင်ကျွမ်းခဲ့တဲ့ မီးကြောင့် ကမ္ဘာတဝှမ်း အချက်ပေးသံ မြည်ခဲ့ပေမယ့် ၂၀၂၀ ခုနှစ်၊ နွေရာသီကာလဟာ ပိုမိုဆိုးရွားလာခဲ့တယ်လို့ စောင့်ကြည့်လေ့လာသူတွေက သုံးသပ်နေပါတယ်။
အမေဇုန်သစ်တောကြီးဟာ ကမ္ဘာကြီးပူနွေးလာမှု ဖြစ်စဉ်ကို နှေးကွေးအောင် ထိန်းပေးထားနိုင်သလို၊ မရေတွက်နိုင်သော မျိုးစိတ်တွေရဲ့ မှီတင်းနေထိုင်ရာ ကမ္ဘာငယ်တခုလည်း ဖြစ်ပါတယ်။ အကြမ်းဖျင်းတွက်ချက်ရရင် အမေဇုန်ဟာ အမေရိကန်နိုင်ငံရဲ့ ထက်ဝက်ကျော် အကျယ်အဝန်းရှိပြီး ကမ္ဘာပေါ်မှာ တခုတည်းသော အကြီးဆုံး မိုးသစ်တောကြီးလည်း ဖြစ်ပါတယ်။
ဇူလိုင်လက တောမီးလောင်ကျွမ်းမှု အခြေအနေဟာ မနှစ်ကထက် နှိုင်းစာရင် ၂၈ ရာခိုင်နှုန်း ပိုကျယ်ပြန့်လာတယ်လို့ ဘရာဇီးအမျိုးသား အာကာသသုတေသန လေ့လာရေး (INPE) က ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
၂၀၁၉ ခုနှစ် လက်ရှိသမ္မတ Jair Bolsonaro စတင် တာဝန်ယူစဉ်ကတည်းက သစ်တောပြုန်းတီးမှုပမာဏဟာ ၂၀၁၈ ကထက်စာရင် ၃၀ ရာခိုင်နှုန်းနီးပါးလောက် မြင့်တက်လာခဲ့တယ်လို့ INPE က ထုတ်ပြန်ချက် စာရင်းတွေမှာ ဖော်ပြထားပါတယ်။
သမ္မတ Bolsonaro အစိုးရကလည်း သစ်တောပြုန်းတီးမှုကနေ ကာကွယ်စောင့်ရှောက်ဖို့အတွက် နိုင်ငံတကာက ဖိအားပေးခံခဲ့ရတာကြောင့် ၂၀၂၀ ခုနှစ်ဆန်းပိုင်းကစလို့ Green Brazil Operation 2 ကို ဒုသမ္မတ Hamilton Mourao ခေါင်းဆောင်ပြီး စစ်တပ်နဲ့အတူ ပူးပေါင်းကာ တရားမဝင် သစ်ခိုးထုတ်မှုတွေ ကျဆင်းသွားအောင် လုပ်ဆောင်ခဲ့ကြပါတယ်။
ဒါပေမဲ့လည်း အမေဇုန်သစ်တောနဲ့ ပတ်သက်ပြီး ဒုသမ္မတရဲ့ ပြောကြားချက်တွေက INPE ထုတ်ပြန်ချက်တွေနဲ့ ကွာဟမှု ရှိနေတာကြောင့် ဝေဖန်ခံနေရပါတယ်။ သမ္မတ Bolsonaro ကလည်း အမေဇုန်သစ်တောကြီးအတွင်း မီးလောင်ကျွမ်းနေတယ်ဆိုတဲ့ အချက်အလက်တွေက ယုတ္တိ မတန်ဘဲ အလိမ်အညာတွေသာ ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။
သတင်းမီဒီယာတွေကနေ ထုတ်ပြန်နေတဲ့ သတင်းတွေမှာ အမေဇုန်သစ်တောကြီးအတွင်း မီးလောင်ကျွမ်းမှုကြောင့် Apui မြို့ရဲ့ ကောင်းကင်ယံမှာ မီးခိုးငွေ့တွေနဲ့ လွှမ်းခြုံနေပြီး ညဘက်ထိအောင် ကောင်းကင်တခွင် အနီရောင်သမ်းနေတယ်ဆိုတဲ့ ရေးသားဖော်ပြချက်တွေက မဟုတ်မှန်ကြောင်း ငြင်းဆိုသွားခဲ့တာပါ။
ဒါ့ပြင် သမ္မတ Bolsonaro က တောင်အမေရိကနိုင်ငံ အသီးသီးရဲ့ နိုင်ငံ့ခေါင်းဆောင်တွေနဲ့ အစည်းအဝေးမှာ နိုင်ငံတိုင်းက ကိုယ်စားလှယ်တွေ လွှတ်ပြီး အမေဇုန်သစ်တောကြီးအပေါ်ကနေ မီးခိုးငွေ့ တမြူတောင် မရှိကြောင်းကို လေယာဉ်နဲ့ ပျံသန်းပြမယ်လို့ စိန်ခေါ်ပြောကြားခဲ့ပါတယ်။
ထပ်ပြီးတော့လည်း အမေဇုန်သစ်တောကြီးဟာ သဘာဝအတိုင်း ကျန်ရှိနေသေးကြောင်း၊ သတင်းအရင်းအမြစ် မခိုင်လုံတဲ့ အချက်အလက်တွေကို ကိုးကားပြီး နိုင်ငံတကာက မီဒီယာတွေမှာ ဖော်ပြနေတာသာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
Ref: edition.cnn, Reuters
You may also like these stories:
ကိုဗစ်ကာလအတွင်း အမေဇုန်မှာ သစ်တောပြုန်းတီးမှု မြင့်တက်နေဆဲ
COVID-19 ကူးစက်မှု အီတလီနဲ့ စပိန်ထက် ဘရာဇီးမှာ ပိုများပြားလာ