Trend

အိန္ဒိယက အကြီးဆုံး မိကျောင်းခြံကြီး ငွေကြေးအခက်အခဲနဲ့ ရင်ဆိုင်နေရ

အိန္ဒိယနိုင်ငံ၊ ချန်နိုင်းမြို့က အကြီးဆုံး မိကျောင်းမွေးမြူရေး ပန်းခြံကြီးဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် ၄ လကြာ ပိတ်ပင်ထားခဲ့ရာက ငွေကြေးအခက်အခဲနဲ့ ရင်ဆိုင်နေရပါတယ်။ အများပြည်သူ လာရောက် လေ့လာနိုင်တဲ့ အဆိုပါ ပန်းခြံကြီးထဲမှာ မိကျောင်းအကောင်ရေ ထောင်ကျော်အပြင် လိပ်၊ ဖွတ်၊ မြွေ စတဲ့ တွားသွားသတ္တဝါ မျိုးရင်းတွေ ထားရှိပါတယ်။

တိရစ္ဆာန်တွေကို နေ့စဉ် ကျွေးမွေးဖို့နဲ့ ဝန်ထမ်းလခတွေအတွက် ရှိနေတဲ့ ရန်ပုံငွေတွေလည်း ကုန်သလောက် ဖြစ်နေပြီလို့ ပန်းခြံတာဝန်ခံတွေက ဆိုပါတယ်။ အရင်ကတော့ ဒီနေရာမှာ ဧည့်သည် တိုးမပေါက်အောင် စည်ကားခဲ့ပေမယ့် COVID-19 ရောဂါကြောင့် Lockdown ကာလမှာ ဧည့်သည် မလာတော့ပါဘူး။

အိန္ဒိယနိုင်ငံ တောင်ပိုင်း၊ ချန်နိုင်းမြို့နဲ့ ၂၅ မိုင် ကွာဝေးတဲ့ အဆိုပါပန်းခြံကို နှစ်စဉ် ပျမ်းမျှ ဝင်ခွင့်လက်မှတ် ၅ သန်းနီးပါး လောက်ရောင်းချခဲ့ရပြီး ဒီထဲက တဝက်နီးပါးက ရန်ပုံငွေအဖြစ် ထားရှိခဲ့ကြပေမယ့် မတ်လ ၁၆ ရက်ထဲက COVID-19 ရောဂါ ကူးစက်မှုတွေကြောင့် ပိတ်ထားခဲ့သလို ပြန်ဖွင့်ဖို့ လမ်းစလည်း မမြင်နိုင်သေးဘဲ ဖြစ်နေတာပါ။

နွေရာသီ အပန်းဖြေကာလမှာ ဧည့်သည်ထက်ဝက်ခန့် ကျဆင်းသွားတာကြောင့် ဝင်ငွေလျော့နည်းခဲ့တယ်လို့ Madras Crocodile Bank ရဲ့ ဒါရိုက်တာ Allwin Jesudasan က ပြောပါတယ်။ “လက်ရှိ ရန်ပုံငွေအရဆိုရင် နောက်ထပ် ၃၊ ၄ လလောက်ပဲ ပုံမှန်လည်ပတ်နိုင်တော့မယ်” လို့ Jesudasan က ဆိုပါတယ်။

၁၉၇၆ ခုနှစ်မှာ အမေရိကန်နွယ်ဖွား မြွေကျွမ်းကျင်သူ Romulus Whitaker စတင် တည်ထောင်ခဲ့တဲ့ Madras Crocodile Bank ဟာ ၈ ဒဿမ ၅ ဧက အကျယ်အဝန်းထိ ရှိပါတယ်။ မိကျောင်းမျိုးစိတ်တွေအပြင် တွားသွားသတ္တဝါ ပေါင်းစုံကိုပါ တနေရာတည်းလေ့လာနိုင်တဲ့ နေရာတခုပါ။

“ကျနော်တို့ရဲ့ စီနီယာဝန်ထမ်းတွေက သူတို့လစာကို ၁၀ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းထိ လျှော့ယူပေးနေပါတယ်။ လုပ်ရမယ့် အလုပ်တွေကိုလည်း လျှော့ချပေးထားတယ်” လို့ ပန်းခြံရဲ့ ဝက်ဘ်ဆိုက်မှာ ရေးသားထားပါတယ်။

ဒါပေမဲ့ Madras Crocodile Bank ရဲ့ ရှေ့အနာဂတ် အစီအစဉ်တွေကတော့ ဝေဝါးနေဆဲပါ။ ကျန်ရှိနေသေးတဲ့ ရန်ပုံငွေတွေ ကုန်ဆုံးသွားရင် ဘာဆက်လုပ်မလဲဆိုတဲ့ အဖြေကိုလည်း မပေးနိုင်သေးပါဘူး။

Madras Crocodile Bank ပန်းခြံကြီးထဲမှာ မိကျောင်းပေါင်း ၅,၀၀၀ ကျော် ပေါက်ဖွားရှင်သန် နေထိုင်ကာ ၂၃ မျိုးထဲက ၁၄ မျိုးရင်းရှိပြီး ဒီထဲက ၃ မျိုးလောက်ကတော့ မျိုးသုဉ်းပျောက်ကွယ်တော့မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ အမျိုးအစားတွေ ဖြစ်ပါတယ်။

Ref: India Times

You may also like these stories:

အသက် ၆၅ နှစ်နှင့်အထက် ဘောလိဝုဒ် သရုပ်ဆောင်များ ရုပ်ရှင်ရိုက်ကူးခွင့် ပြန်ရရှိ

ပစိဖိတ်သမုဒ္ဒရာထဲက ကျွန်းပေါ်မှာ သောင်တင်နေသူ ၃ ဦးကို ကယ်ဆယ်

Loading