ကမ္ဘောဒီးယားနိုင်ငံမှာ ခမာနှစ်သစ်ကူးပွဲတော်ကို ဧပြီလရောက်တိုင်း ကျင်းပလေ့ ရှိပါတယ်။ ၂၀၂၀ ခုနှစ်မှာလည်း ဧပြီ ၁၃ ရက်ကနေ ၁၆ ရက်နေ့အထိ ကျင်းပဖို့ စီစဉ်ထားခဲ့ပေမယ့် COVID-19 ကြောင့် နှစ်သစ်ကူးပွဲတော် ကျင်းပမယ့်ရက်ကို ရွှေ့ဆိုင်းခဲ့ရပါတယ်။
နိုင်ငံတကာမှာ ကျင်းပလေ့ ရှိကြတဲ့ နှစ်သစ်ကူးပွဲတော်တွေဟာ အားလပ်ရက်ဖြစ်သလို ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပတဲ့ ခမာ နှစ်သစ်ကူးပွဲတော်ကလည်း အားလပ်ရက်တွေပါပဲ။ ဒါကြောင့်လည်း ပြည်တွင်းခရီးသွားများစွာ ခမာနှစ်သစ်ကူးပွဲတော်ကို ဆင်နွှဲလေ့ ရှိကြပါတယ်။
COVID-19 ကြောင့် ယာယီရပ်ဆိုင်းခဲ့ရတဲ့ ခမာနှစ်သစ်ကူးပွဲတော်ကို သြဂုတ်လ ၁၇ ရက်စပြီး သြဂုတ်လ ၂၁ ရက်နေ့အထိ ၅ ရက်တိုင်တိုင် ကျင်းပသွားမှာ ဖြစ်ပါတယ်။
ခမာနှစ်သစ်ကူးပွဲတော်ကို ပြည်တွင်းခရီးသွားတွေတင်မက နိုင်ငံတကာခရီးသွားတွေလည်း လာရောက်လေ့ ရှိကြတဲ့အတွက် ကမ္ဘောဒီးယားနိုင်ငံတဝှမ်း အနည်းဆုံးအပန်းဖြေစခန်း ၅၅၇ခု ကို ကိုဗစ်စည်းကမ်းချက်တွေနဲ့အညီ ဖွင့်လှစ်ပေးထားတယ်လို့ ကန်ပူးချားသတင်းစာ (AKP) မှာ ဖော်ပြထားပါတယ်။
ကမ္ဘောဒီးယားခရီးသွားလာရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Top Sopheak ကလည်း သဘာဝ ခရီးသွား အပန်းဖြေစခန်းတွေအပါအဝင် သမိုင်းနဲ့ သက်ဆိုင်တဲ့ နေရာတွေ၊ လူလုပ် အပန်းဖြေစခန်းတွေကိုလည်း ပြည်တွင်း၊ ပြည်ပ ခရီးသွားတွေအတွက် ဖွင့်လှစ်ပေးထားတယ်လို့ ပြောကြားခဲ့ပါတယ်။
တဆက်တည်းမှာပဲ သူက နိုင်ငံခြားသား ခရီးသွားတွေ များပြားလာတဲ့အတွက် အပန်းဖြေ စခန်းတွေများပြားလာခဲ့ပြီး ခရီးသွားလုပ်ငန်းတွေအနေနဲ့လည်း သူတို့လုပ်ငန်းတွေကို ပြန်လည် လုပ်ကိုင်နေကြတယ်လို့ ပြောပါတယ်။
ကမ္ဘောဒီးယား ခရီးသွားလာရေးဝန်ကြီးဌာနအနေနဲ့ ကိုဗစ်ကာလ ဖြစ်တဲ့အတွက်ကြောင့် ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားထားတဲ့ စည်းကမ်းချက်တွေအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။ COVID-19 ကပ်ရောဂါဆိုးက ကမ္ဘောဒီးယားနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းတွေကို များစွာ ထိခိုက်ဆုံးရှုံးစေခဲ့ပါတယ်။
ကိုဗစ်ကာလအတွင်း ဟိုတယ် ၃၀၀၀ ကျော်အပါအဝင် တည်းခိုခန်း၊ စားသောက်ဆိုင်၊ အနှိပ်ခန်း၊ နိုက်ကလပ်နဲ့ ခရီးသွားလုပ်ငန်းတွေ အားလုံး ယာယီ ရပ်ဆိုင်းခဲ့ရတယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။
COVID-19 ကို ထိန်းချုပ်နိုင်ပြီး နောက်ပိုင်းမှာတော့ ကမ္ဘောဒီးယား ခရီးသွားလုပ်ငန်းတွေ ပြန်လည် စတင်ခဲ့ပါတယ်။ နိုင်ငံတကာခရီးသွားတွေ အားလုံးကို ဝင်ရောက်ခွင့်ပြုထားပေမယ့် ကျန်းမာရေး အာ မခံကတော့ လိုအပ်နေဆဲပါပဲ။ ကမ္ဘောဒီးယားနိုင်ငံမှာ ရောဂါကူးစက်သူ ၂၇၃ ယောက်သာ ရှိခဲ့ပြီး သေဆုံးသူ မရှိခဲ့ပါဘူး။
Ref: Xinhunet
You may also like these stories:
ကိုဗစ်ကြောင့် နယူးဇီလန် ရွေးကောက်ပွဲ နောက်ဆုတ်
ကိုဗစ်ကူးစက်မှု အသစ်တွေကြောင့် အီတလီမှာ မဖြစ်မနေ Mask တပ်ဖို့ အမိန့်ထုတ်
စိန်အလုံးပေါင်း ၃၆၀၀ နဲ့ စီခြယ်ထားတဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံး Mask