အစ္စရေးအစိုးရအနေနဲ့ နိုင်ငံပေါင်း ၂၀ က ရွှေ့ပြောင်းလုပ်သားအပါအဝင် အစ္စရေးနိုင်ငံသားတွေနဲ့ အစ္စရေးနိုင်ငံမှာ အမြဲတမ်း နေထိုင်သူတွေကို ပြည်ဝင်ခွင့်ပြုထားပေမယ့် ကျန်နိုင်ငံက ခရီးသွားတွေကို တော့ ပြည်ဝင်ခွင့် ကန့်သတ်ထားဆဲပါ။
ပြည်ဝင်ခွင့်ပြုလိုက်သူတွေဟာ အစ္စရေးနိုင်ငံကို ရောက်တဲ့အခါ Quarantine ဝင်စရာမလိုဘူးလို့ ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကပဲ အစ္စရေးအစိုးရက ကြေညာခဲ့ပါတယ်။ အစ္စရေး ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ COVID-19 ကူးစက်မှုနှုန်း နည်းပါးတဲ့ နိုင်ငံပေါင်း ၂၀ က ရွှေ့ပြောင်းလုပ်သား၊ အစ္စရေးနိုင်ငံသားနဲ့ အစ္စရေးနိုင်ငံမှာ အမြဲနေထိုင်သူတွေကို ပြည်ဝင်ခွင့်ပြုထားပါတယ်။
အစ္စရေးကျန်းမာရေးဝန်ကြီးဌာနက ပြည်ဝင်ခွင့်ပြုထားတဲ့ နိုင်ငံတွေထဲမှာ ယူကေ၊ ဂျာမနီ၊ အီတလီ၊ ဂရိ၊ ဆိုက်ပရပ်စ်၊ ဂျော်ဂျီယာ၊ ဟောင်ကောင်၊ ဂျော်ဒန်၊ လတ်ဗီးယား၊ လစ်သူယေးနီးယား၊ နယူးဇီလန်၊ အက်စ်တိုးနီးယား၊ ကနေဒါ၊ ရဝမ်ဒါ၊ ဒိန်းမတ်၊ ဆလိုဗေးနီးယား၊ သြစတြီးယား၊ ခရိုအေးရှား၊ ဘယ်လ်ဂျီယံစတဲ့ နိုင်ငံတွေ ပါဝင်ပါတယ်။
အစိမ်းရောင်နိုင်ငံတွေလို့ သတ်မှတ်ထားတဲ့ အဲဒီနိုင်ငံပေါင်း ၂၀ ကနေ အစ္စရေးနိုင်ငံကို ပြန်လာကြသူ တွေဟာ Quarantine ၁၄ ရက် ဝင်စရာမလိုဘူးလို့ အစ္စရေးကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
COVID-19 ကူးစက်မှုနှုန်း မြင့်မားနေတဲ့ အမေရိကန်နိုင်ငံဟာ အစ္စရေးနိုင်ငံနဲ့ အရင်းနှီးဆုံး မဟာမိတ်နိုင်ငံဖြစ်ပေမယ့် အနီရောင်အဆင့် နိုင်ငံစာရင်းထဲ ပါဝင်နေပါတယ်။ အစ္စရေးအစိုးရက COVID-19 အနီရောင်အဆင့် သတ်မှတ်ထားတဲ့ နိုင်ငံက ပြန်လာသူတွေဟာ Quarantine ၁၄ ရက် ဝင်ရမယ်လို့ သိရပါတယ်။
အစ္စရေးနိုင်ငံရဲ့ သယ်ယူပို့ဆောင်ရေးဝန်ကြီးဖြစ်သူ Miri Regev ကလည်း သြဂုတ်လ ၁၆ ရက်နေ့ ကစပြီး COVID-19 အစိမ်းရောင်အဆင့် သတ်မှတ်ထားတဲ့ နိုင်ငံပေါင်း ၂၀ က ပြန်လာသူတွေ Quarantine ဝင်စရာ မလိုဘဲ အစ္စရေးနိုင်ငံတွင်း ဝင်ရောက်ခွင့်ပြုခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
အစ္စရေးအစိုးရအနေနဲ့ နိုင်ငံတကာ ခရီးသွားလုပ်ငန်းတွေ ပြန်လည် စတင်ဖို့ နိုင်ငံ နယ်နိမိတ်ကိုပြန်လည် မဖွင့်လှစ်သေးတဲ့အတွက်ကြောင့် အခုအစီအစဉ်ဟာ အစ္စရေးနိုင်ငံသား၊ နေထိုင်ခွင့် ဗီဇာ ရရှိသူနဲ့ အလုပ်သမားဗီဇာ ကိုင်ဆောင်ထားတဲ့ နိုင်ငံခြားသားတွေနဲ့သာ သက်ဆိုင်တယ်လို့ သိရပါတယ်။
၂၀၂၀ ခုနှစ် လူဦးရေစာရင်းအရ အစ္စရေးနိုင်ငံမှာ နေထိုင်သူ ၉ သန်းနီးပါး ရှိနေပြီး လူပေါင်း ၉၆,၀၀၀ ကျော် ရောဂါကူးစက်ခံနေရသလို ၇၀၈ ယောက် သေဆုံးခဲ့ပါတယ်။
Ref: thejakartapost, en.globes
You may also like these stories:
ဝူဟန်မြို့မှာ လူစုလူဝေးနဲ့ ကျင်းပခဲ့တဲ့ ဂီတပွဲတော်
ကိုဗစ်ကြောင့် နယူးဇီလန် ရွေးကောက်ပွဲ နောက်ဆုတ်
ကိုဗစ်ကြောင့် ခမာနှစ်သစ်ကူးပွဲတော်ကို ရက်ရွှေ့ပြီး ကျင်းပ